အောက်တိုဘာ ၁၈၊ ၂၀၂၁
M-Media
-မေလအတွင်း IS အဖွဲ့က သူမတက်နေတဲ့ မိန်းကလေးကျောင်းကို ဗုံးခွဲတိုက်ခိုက်စဉ်မှာ အတန်းဖော် ဒါဇင်နဲ့ချီ သေဆုံးခဲ့တာကို အာမေနာတစ်ယောက် မျက်မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူမကတော့ ပညာဆက်လက်ဆည်းပူးဖို့ စိတ်ပိုင်းဖြတ်ထားသူပါ။
ပြီးခဲ့တဲ့လ တာလီဘန်အစိုးရရဲ့ တားမြစ်ပိတ်ပင်မှုကြောင့် နိုင်ငံအတွင်းက အခြား အလယ်တန်းကျောင်းသူတွေလိုပဲ အာမေနာတစ်ယောက် ကျောင်းပြန်မတက်ရတော့ပါဘူး။
“သမီးကျောင်းပြန်တက်ချင်တယ်။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ချင်တယ် တောက်ပတဲ့အနာဂတ်ကို ရှာဖွေချင်တယ်။ ဒါပေမယ့် အခု သမီးကျောင်းမတက်ရတော့ပါဘူး။ ဒီအခြေအနေအတွက် စိတ်မသက်မသာ ဖြစ်မိပါတယ်။ တာလီဘန်တွေ ပြန်လာကတည်းက စိတ်မကောင်းစရာတွေ၊ စိတ်ဆိုးစရာတွချည်းပါပဲ” လို့ အသက် ၁၆ နှစ်အရွယ် အာမေနာက AFP သတင်းဌာနကို ပြောပါတယ်။
သူမဟာ ကာဘူးလ်မြို့အနောက်ပိုင်းမှာ နေထိုင်သူပါ။
စက်တင်ဘာ ၁၈ ရက်နေ့က တာလီဘန်အစိုးရဟာ အလယ်တန်းကကျောင်းက အမျိုးသားဆရာတွေ၊ အသက် ၁၃ နှစ်နဲ့အထက် ကျောင်းသားတွေ ကျောင်းပြန်သွားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ အကြမ်းဖက်မှုတွေကြောင့် ရပ်ထားရတဲ့ ပညာသင်နှစ်ကို ပြန်လည်စတင်ဖို့ပါ။
ဒါပေမယ့် ဆရာမတွေနဲ့ ကျောင်းသူတွေအတွက် တာလီဘန်က ဘာမှ မထုတ်ပြန်ပါဘူး။
အစ္စလာမ့်ဥပဒေအရ လုံခြုံရေးနဲ့ ကျား၊ မ သီးသန့် ခွဲထားရေးကို အကောင်အထည်ဖော်ပြီးနောက်ပိုင်းမှသာ အလယ်တန်းကျောင်းသူတွေကို ကျောင်းတက်ခွင့်ပေးမယ်လို့ နောက်ပိုင်းမှာ တာလီဘန်က ထုတ်ပြန်ပါတယ်။ အာဖဂန်က ကျောင်းတော်တော်များများမှာ ကျား၊ မ ခွဲထားပြီးသား ဖြစ်ပါတယ်။
ကွန်ဒုဇ်ပြည်နယ်လို တစ်ချို့နေရာတွေက အထက်တန်းကျောင်းအနည်းငယ်မှာ မိန်းကလေးငယ်တွေ ကျောင်းပြန်သွားခွင့်ရနေပြီး တာလီဘန်က ဒါကို ချီတက်ပွဲတွေနဲ့ လူသိအောင် လုပ်တောမျိုးတွေ ရှိနေပါတယ်။
တာလီဘန်ရဲ့ ပညာရေးဝန်ကြီးက အလယ်တန်းကျောင်းသူတွေ ကျောင်းပြန်သွားနိုင်ရေး မူဘောင်တစ်ခုကို မကြာခင် ကြေငြာမယ်လို့ အကြောင်းကြားခဲ့ကြောင်း ကုလသမဂ္ဂက ကလေးသူငယ် ကူညီစောင့်ရှောက်ရေးအဖွဲ့ UNICEF ရဲ့ အကြီးအကဲတစ်ဦးက သောကြောနေ့မှာ ထုတ်ပြောပါတယ်။
အခုအချိန်မှာတော့ လူဦးရေ ၃၉ သန်းရှိတဲ့ အာဖဂန်နစ္စတန်မှာ မြို့တော် ကာဘူးလ်အပါအဝင် နိုင်ငံတစ်ဝှမ်းက ကျောင်းသူအများစုဟာ ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရပါတယ်။
မူလတန်းကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ပုဂ္ဂလိက တက္ကသိုလ်တွေမှာ အမျိုးသမီးတွေ တက်ရောက်ခွင့်ရပေမယ့် အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ သွားလာလှုပ်ရှားမှုကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားပါတယ်။
မျှော်လင့်ချက်မရှိ
အာမေနာနေထိုင်တဲ့နေရာက Sayed Al-Shuhada အထက်တန်းကျောင်းနဲ့ သိပ်မဝေးပါဘူး။ အဲဒီကျောင်းဟာ မေလက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး မိန်းကလေးငယ်အများစုအပါအဝင် ၈၅ ဦး သေဆုံးခဲ့ပါတယ်။
“အပြစ်မဲ့တဲ့ မိန်းကလေးတွေ သေခဲ့ကြတာပါ။ အသက်ငင်နေတဲ့သူတွေ ဒဏ်ရာရသူတွေက သမီးမျက်လုံးနဲ့ တပ်အပ် မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သမီး ကျောင်းဆက်တက်ချင်နေတုန်းပါပဲ”
ပုံမှန်ဆို အာမေနာလေးဟာ သူမအနှစ်သက်ဆုံးဖြစ်တဲ့ ဇီဝဗေဒဘာသာရပ်ကို သင်ယူနေရမှာပါ။ ဒါပေမယ့် အခုတော့ စာအုပ်ပုံကြားမှာ ဘာမှလုပ်စရာမရှိဘဲ ပိတ်မိနေပါတယ်။ သူမရဲ့အိပ်မက်ဟာ ဂျာနယ်လစ်တစ်ယောက် ဖြစ်ဖို့ဖြစ်ပြီး အာဖဂန်နစ္စတန်မှာ ဒီအိပ်မက်အတွက် မျှော်လင့်ချက်မရှိတော့ဘူးလို့ ဆယ်ကျော်သက်အရွယ် အာမေနာက ဆိုပါတယ်။
မွေးချင်းတွေက သူမကို ကူညီကြသလို၊ စာသင်ကျောင်းဗုံးခွဲတိုက်ခိုက်မှုကြောင့် စိတ်ဒဏ်ရာရနေတဲ့ ညီမဖြစ်သူကို အိမ်လာပြီးဆေးကုပေးတဲ့ စိတ်ရောဂါဆရာဝန်ကလည်း စာသင်ပေးပါတယ်။
“ကျောင်းမတက်နိုင်လည်း အိမ်မှာပဲ စာသင်ပါ။ အိမ်မှာစာသင်ရင် အနာဂတ်မှာ တစ်ခုခုတော့ ဖြစ်လာလိမ့်မယ်- လို့ သူတို့က ပြောပါတယ်။ သမီးအစ်ကိုက အိမ်ကို ပုံပြင်စာအုပ်တွေ ယူလာတယ်။ သမီးလည်း ဖတ်ဖြစ်ပါတယ်။ သတင်းတွေကိုလည်း သမီး အမြဲတမ်းစောင့်ကြည့်ပါတယ်”
ယောင်္ကျားလေးတွေ ပညာသင်ခွင့်ရပြီး မိန့်ကလေးတွေက ဘာ့ကြောင့် ပညာသင်ခွင့်မရလဲဆိုတာကို အာမေနာတစ်ယောက် နားမလည်ပါဘူး။
“လူ့အဖွဲ့အစည်းရဲ့ တစ်ဝက်လောက်က အမျိုးသမီးတွေဖြစ်ပြီး၊ နောက်တစ်ဝက်က အမျိုးသားတွေပါ။ အမျိုးသားနဲ့ အမျိုးသမီးတွေကြားမှာ ဘာကွာခြားချက်မှ မရှိပါဘူး။ သမီးတို့ ဘာကြောင့် ပညာသင်ခွင့်မရတာလဲ။ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းမဟုတ်လို့လား။ ဘာလဲ ယောင်္ကျားလေးတွေမှာပဲ အနာဂတ်ရှိတာလား”
တိုးတက်မှုတစ်ချို့
၂၀၀၁ ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့တပ်ဖွဲ့တွေ တာလီဘန်ကို ဖြုတ်ချခဲ့ပြီးတဲ့နောက် အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေ ပညာရေးနဲ့ပတ်သက်ပြီး တိုးတက်မှုတွေ ရှိခဲ့ပါတယ်။
စာသင်ကျောင်းအရေအတွက် ၃ ဆလောက်တိုးလာပြီး အမျိုးသမီးတွေ ပညာတတ်မှုနှုန်းကလည်း နှစ်ဆတက်ကာ ၃၀ ရာခိုင်နှုန်း ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီတိုးတက်မှုကို မြို့ပေါ်လောက်မှာသာ တွေ့ရပါတယ်။
“လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အာဖဂန်အမျိုးသမီးတွေဟာ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်” လို့ ကာဘူးလ်မြို့ အလယ်တန်းကျောင်းက အသက် ၂၁ နှစ်အရွယ် ဆရာမ နာဆရင် ဟာဆာနီက ပြောပါတယ်။ အခုတော့ သူမရဲ့ကျောင်းမှာ မူလတန်းကလေးတွေကိုသာ စာသင်ပေးနေရပါတယ်။
လက်ရှိအခြေအနေဟာ ကျောင်းသားတွေ၊ ဆရာတွေကို စိတ်ဓာတ်ကျစေတယ်လို့ ဟာဆာနီက ဆိုပြီး၊ တာလီဘန်ရဲ့မူဝါဒကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။
“ကျွန်မတို့သိတဲ့ အစ္စလာမ်သာသနာက အမျိုးသမီးတွေ ပညာသင်ကြားမှုနဲ့ အလုပ်လုပ်ကိုင်မှုကို ပိတ်ပင်မထားပါဘူး”
သူမဟာ တာလီဘန်ရဲ့ တိုက်ရိုက်ခြိမ်းခြောက်မှုကို မခံရဘူးလို့လည်း ဟာဆာနီက ပြောပါတယ်။
လူ့အခွင့်အရေးအဖွဲ့ Amnesty International က သင်ရိုးမှာ အားကစားဘာသာရပ် ထည့်သွင်းသင်ကြားတဲ့ အထက်တန်းကျောင်းဆရာမတစ်ဦး အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာ၊ ဆင့်ခေါ်တရားစွဲဆိုတာတွေ ခံခဲ့ရတယ်လို့ ပြောပါတယ်။
၁၉၉၆-၂၀၀၁ အုပ်စိုးမှုကထက် တာလီဘန်ဟာ နည်းနည်းလောက် ပြောင်းလဲမလားဆိုပြီ။ ဟာဆာနီက မျှော်လင့်နေဆဲပါ။ အဲဒီအချိန်တုန်းက အမျိုးသမီးတွေဟာ အမျိုးသားအုပ်ထိန်းသူတစ်ဦးမပါရင် အပြင်တောင်ထွက်ခွင့် မရပါဘူး။
အိပ်မက်တွေ ပျောက်ဆုံး
၂၀၀၁ ခုနှစ်နောက်ပိုင်း မွေးဖွားခဲ့တဲ့ ဇိုင်နဘ် (အမည်လွှဲ) တစ်ယောက် အရင်အချိန်တွေကို မမှီလိုက်ဘဲ တစ်ကျော့ပြန် တာလီဘန်က မတားမြစ်ခင်အထိ. ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်ခဲ့သူပါ။
ပြီးခဲ့တဲ့လမှာ ယောင်္ကျားလေးတွေ ကျောင်းပြန်တက်တာကို ပြတင်းပေါက်ကနေ ထိုင်ကြည့်ပြီး အသက် ၁၂ နှစ်အရွယ် ဇိုင်နဘ်တစ်ယောက် ယူကြုံးမရ ဖြစ်ခဲ့ပါတယ်။
“အခြေအနေတွေ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်ဆိုတာ ထင်ရှားပါတယ်” လို့ ဇိုင်နဘ်က ပြောပါတယ်။
သူမရဲ့အမ အသက် ၁၆ နှစ်အရွယ် မာလာလေး (အမည်လွှဲ) ဆို စိတ်ပျက်အားငယ်မှု၊ ကြောက်ရွံ့မှုတွေကြောင့် မျက်ရည်နဲ့မျက်ခွက်ပါ။
မာလာလေးဟာ အိမ်မှာ သန့်ရှင်းရေးလုပ်တာ၊ ပန်းကန်းဆေးတာ၊ အဝတ်လျှော်တာတွေနဲ့ပဲ အချိန်ကို ဖြတ်သန်းနေရပါတယ်။
ဖိအားတွေအရမ်းများနေတဲ့ မိခင်ကြီးရှေ့မှာ မငိုမိအောင် သတိထားနေရတယ်လို့ သူမက ပြောပါတယ်။
ဆယ်ကျော်သက်အရွယ် မာလာလေးဟာ အမျိုးသမီးအခွင့်အရေး မြှင့်တင်ပေးဖို့၊ အမျိုးသားတွေက အမျိုးသမီးတွေရဲ့အခွင့်အရေး ပိတ်ပင်တာကို တိုက်ဖျက်ဖို့ အိပ်မက်တွေ ရှိနေတာပါ။
“ကျောင်းတက်ဖို့၊ တက္ကသိုလ်တက်ဖို့ဆိုတာတွေက ကျွန်မရဲ့ အခွင့်အရေးပါ။ အခုတော့ အိပ်မက်တွေ၊ အစီအစဉ်တွေအားလုံး မြေမြှုပ်သင်္ဂြိုဟ်ခံလိုက်ရပါပြီ”
Ref: AFP
Comments