နိုဝင်ဘာ ၄၊ ၂၀၂၁
M-Media
-ကိုဗစ်တိုက်ဖျက်ရေးမှာအသုံးပြုဖို့ မြန်မာနိုင်ငံကို ထောက်ပံ့ပေးထားတဲ့ ဒေါ်လာ ၃၇၂ သန်း စစ်ကောင်စီလက်ထဲမှာ ပျောက်ဆုံးနေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အဲဒီငွေတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာမသိမ်းခင် ၂ ရက်အလိုမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထဲ IMF က ပေးအပ်ခဲ့တာပါ။ ဒါပေမယ့် စစ်ကောင်စီလက်ထက်မှာ ဒီငွေတွေကို ကိုဗစ်တိုက်ဖျက်ရေးအတွက် သုံးတာမျိုး မတွေ့ရဘဲ ၈ လကြာပြီးနောက်ပိုင်း ဒီငွေ ဘယ်ရောက်သွားလဲဆိုတာ စုံစမ်းလို့မရဘူးလို့ IMF ပြောရေးဆိုခွင့်ရှိသူ ဂယ်ရီရိုက်စ်က ပြောပါတယ်။
“ဒီငွေတွေကို ရည်ရွက်ချက်အတိုင်း ကိုဗစ်တိုက်ဖျက်ရေး၊ ဘေးဒုက္ခအခံရဆုံးသူတွေကို ကူညီရေးမှာ အသုံးပြုတယ်ဆိုတဲ့ အထောက်အထားမျိုး ရှာလို့မတွေ့ပါဘူး”
အာဏာသိမ်းစစ်ကောင်စီဟာ အရင် အရပ်သားအစိုးရလိုမျိုး ပွင့်လင်းမြင်သာမှု မရှိဘူးလို့လည်း ရိုက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
IMF က ပေးအပ်တဲ့ ငွေထဲကနေ ကျပ်သန်းပေါင်း ၁၀၀ (ဒေါ် ၅၅၀၀၀) တန်ဖိုးရှိတဲ့ ကုန်ကျမှုတိုင်းကို လူသိရှင်ကြား ကြေငြာမှာဖြစ်ပြီး၊ စာရင်းအသေးစိတ်ကို ၃ လတစ်ကြိမ် စာရင်းစစ်ချုပ်က ထုတ်ပြန်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရက ကတိပြုခဲ့တာပါ။
ကိုဗစ်တိုက်ဖျက်ရေးအတွက် IMF ဟာ ၂၀၂၀ ခုနှစ် ဇွန်လတုန်းကလည်း ကန်ဒေါ်လာ ၃၅၆ သန်း NLD အစိုးရကို ပေးအပ်ခဲ့ပါတယ်။ ဒီ နှစ်ရှည်ချေးငွေ နှစ်ခုစလုံးဟာ ဝင်ငွေနည်းတဲ့ တိုင်းပြည်တွေမှာ ကျန်းမာရေးအသုံးစားရိတ် မြင့်တက်လာရေး၊ အခွန်လျှော့ပေါ့မှု လုပ်ဆောင်နိုင်ရေ၊း ချို့တဲ့သူတွေကို ထောက်ပံ့နိုင်ရေး IMF ရဲ့ စီမံကိန်းကနေ ထုတ်ပေးတာ ဖြစ်ပါတယ်။
Ref : The Diplomat
Comments