နိုဝင်ဘာ ၇၊ ၂၀၂၁
M-Media
-တရုတ်ရဲ့ နျူလက်နက်ထုတ်လုပ်မှုဟာ အရင်က မျှော်မှန်းထားတာထက် ပိုမိုမြန်ဆန်နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (ပင်တဂွန်) က အခုတစ်ပတ် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၇ ခုနှစ်မှာ တရုတ်ဟာ အသုံးပြုနိုင်တဲ့ နျူထိပ်ဖူးပေါင်း ၇၀၀ လောက် ပိုင်ဆိုင်လာနိုင်ပြီး ၂၀၃၀ အရောက်မှာတော့ ၁၀၀၀ လောက်အထိ ရှိလာနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့တစ်နှစ်အရင် ပင်တဂွန်ရဲ့ ခန့်မှန်းမှုထက် ၂ ဆခွဲလောက် များပြားနေတာ ဖြစ်ပါတယ်။
အမေရိကန်မှာ နျူထိပ်ဖူးပေါင်း ၃၇၅၀ ခုရှိပြီး ဒီပမာဏကို နောက်ထပ် ထပ်တိုးဖို့ မရှိပါဘူး။ ၂၀၀၃ ခုနှစ်ကဆိုရင် အမေရိကန်မှာ နျူထိပ်ဖူး တစ်သောင်းနီးပါးလောက် ရှိခဲ့တာ ဖြစ်ပါတယ်။
တရုတ်က ကြည်း၊ ရေ၊ လေ ၃ မျိုးစလုံးကနေ နျူလက်နက်တွေ ပစ်လွှတ်နိုင်ဖို့ ပိုမိုအားထည့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပင်တဂွန်က လွှတ်တော်ကို တင်ပြတဲ့ အစီရင်ခံစာမှာ အမေရိကန်နဲ့ ရုရှားတို့လိုပဲ တရုတ်ကလည်း မြေပြင်၊ ဝေဟင်နဲ့ ရေငုပ်သင်္ဘောတွေကနေ နျူလက်နက် ပစ်လွှတ်နိုင်တဲ့ အနေအထားမျိုးရောက်အောင် တည်ဆောက်နေတယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်လို နျူပိုင်ဆိုင်တဲ့ ရန်ဘက်နိုင်ငံမျိုးကို လက်ဦးမှုရယူ ချေမှုန်းနိုင်တဲ့ အနေအထားမျိုးအထိ ရောက်အောင် လုပ်ဆောင်နေတာမျိုးမဟုတ်ပေမယ့် နျူနဲ့ တိုက်ခိုက်မှုကို ကောင်းကောင်းခုခံ လက်တုန့်ပြန်နိုင်တဲ့ အခြေအနေမျိုးကို တရုတ်က လိုချင်နေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ယီက ပင်တဂွန်ရဲ့ ဒီအစီရင်ခံစာဟာ ချဲ့ကားပြောဆိုမှု ဖြစ်ပြီး၊ တရုတ်ကို နျူအန္တရာယ်နိုင်ငံအဖြစ် ပုံဖော်ဖို့ ကြိုးစားနေတာသာဖြစ်ကြောင်း၊ အမေရိကန်သာလျှင် နျူခြိမ်းခြောက်မှုအန္တရာယ်နိုင်ငံဖြစ်ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။
Ref: Reuters
Comments