နိုဝင်ဘာ ၈၊ ၂၀၂၁
M-Media
-Pfizer ကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုဗစ်သောက်ဆေးဟာ ဝေဒနာ အပြင်းအထန်ခံစားရမှု၊ သေဆုံးမှုတွေကို ၈၉ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တယ်ဆိုတာ စမ်းသပ်သုံးစွဲမှုမှာ တွေ့ရပါတယ်။
ဆေးကို Paxlovid လို့ အမည်ပေးထားပြီး ရလဒ်တွေက အလွန်ကောင်းနေတဲ့အတွက် ကနဦးစမ်းသပ်မှုကို ရပ်ဆိုင်းကာ အများပြည်သူထံ အမြန်ဆုံးဖြန့်ချီဖို့ စီစဉ်နေတယ်လို့ Pfizer စီအီးအိုက ပြောပါတယ်။
ကိုဗစ်တိုက်ဖျက်ရေးမှာ ကာကွယ်ဆေးတွေကိုသာ အဓိက အားထားနေရပြီး အခုအချိန်မှာတော့ အလားအလာကောင်းတဲ့ ကိုဗစ်သောက်ဆေး ၂ မျိုးအထိ ရှိလာပြီ ဖြစ်ပါတယ်။ Pfizer ရဲ့ Paxlovid အပြင် နောက်တစ်မျိုးက အမေရိကန်ကုမ္ပဏီတွေဖြစ်တဲ့ Merck Sharp နဲ့ Dohme တို့ ပူးပေါင်း ထုတ်လုပ်တဲ့ Molnupiravir ဆေး ဖြစ်ပါတယ်။
Molnupiravir ဆေးဟာ ဝေဒနာ အပြင်းအထန် ခံစားရမှု၊ သေဆုံးမှုတို့ကို ၅၀ ရာခိုင်နှုန်း လျော့ချနိုင်ပြီး ယူကေ အစိုးရက အသိအမှတ်ပြုလိုင်စင်ထုတ်ပေးကာ မကြာခင် ဖြန့်ချီတော့မှာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ အသိအမှတ်ပြုမှုကို Paxlovid ဆေးက အခုနှစ်ကုန်ပိုင်းမှာ ရနိုင်ဖွယ်ရှိနေပြီး၊ ယူကေကလည်း ဆေးရဲ့အန္တရာယ်ကင်းမှု၊ ထိရောက်မှုတွေတွေကို လေ့လာဆန်းစစ်နေပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က Paxlovid ဆေးကို သန်းချီ ဝယ်ယူထားတယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ဒီဆေးကို ဖြန့်ချီနိုင်ဖို့အတွက် နိုင်ငံပေါင်း ၉၀ ကျော်နဲ့ ဆွေးနွေးနေပြီး လူတွေရဲ့လက်ထဲ အမြန်ဆုံးရောက်အောင် စီစဉ်နေတယ်လို့ Pfizer စီအီးအို အဲဘတ် ဘူလာက ပြောပါတယ်။
Ref: Reuters
Comments