နိုဝင်ဘာ ၂၁၊ ၂၀၂၁
M-Media
-ဖြုတ်ချခံလိုက်ရတဲ့ ဝန်ကြီးချုပ် အဘ်ဒူလာ ဟမ်ဒေါ့ကို ရာထူးပြန်ပေးပြီး ဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးဖို့အတွက် ဆူဒန်အာဏာသိမ်းစစ်ခေါင်းဆောင်က သဘောတူခဲ့တယ်လို့ ညှိနှိုင်းဆွေးနွေးသူတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ် ဘူရ်ဟန်၊ ဝန်ကြီးချုပ် ဟမ်ဒေါ့၊ နိုင်ငံရေးပါတီတွေ၊ သူပုန်ခေါင်းဆောင်ဟောင်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ စနေနေ့မှာ ဆွေးနွေးညှိနှိုင်းပြီး ဒီသဘောတူညီချက်ကို ရရှိခဲ့တာပါ။ နိုင်ငံတော်ကောင်စီက ဒီကိစ္စကို တနင်္ဂနွေနေ့မှာ ထုတ်ပြန်ဖို့ ရှိတယ်လို့ ဒီကိစ္စကို သိရှိသူတွေက ပြောပါတယ်။
ဟမ်ဒေါ့ဦးဆောင်ကာ အစိုးရဖွဲ့စည်းမှာဖြစ်ပြီး စစ်တပ်က ဖမ်းထားတဲ့ နိုင်ငံရေးသမားအားလုံးကို လွှတ်ပေးရမှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ် အဘ်ဒဲလ် ဖာတာ အလ်-ဘူရ်ဟန် ခေါင်းဆောင်တဲ့ စစ်တပ်ဟာ အောက်တိုဘာ ၂၅ ရက်နေ့က ဝန်ကြီးချုပ် ဟမ်ဒေါ့နဲ့ အစိုးရအကြီးအကဲတွေကို ဖမ်းဆီး အာဏာသိမ်းခဲ့ပြီး အဲ့ဒီနောက်ပိုင်း ဆူဒန်မှာ မတည်ငြိမ်မှုတွေ ဖြစ်လာပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ပြည်သူတွေက ဆက်တိုက် ပြုလုပ်လာပြီး အာဏာသိမ်းစစ်တပ်ကလည်း အကြမ်ဖက် ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် အနည်းဆုံး လူ ၄၀ သေဆုံးကာ ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။
ဗိုလ်ချုပ် ဘူရ်ဟန်ဟာ တိုင်းပြည်ကို အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး အသွင်ကူးပြောင်းရေးအစိုးရ အကြီးအကဲအဖြစ် သူ့ကိုယ်သူ ခန့်အပ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအဖွဲ့ Forces for the Declaration of Freedom and Change က စစ်တပ်နဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ကို ကန့်ကွက်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး၊ စစ်တပ်နဲ့ နိုင်ငံရေးမိတ်ဖွဲ့တာမျိုး မလုပ်ဖို့၊ စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးဖို့ နိုင်ငံရေးပါတီတွေကို တောင်းဆိုခဲ့ပါတယ်။
Ref : Aljazeera
Comments