နိုဝင်ဘာ ၂၂၊ ၂၀၂၁
M-Media
-နယ်ပယ်စုံက တတ်သိပညာရှင်တွေ၊ ပရော်ဖက်ရှင်နယ်တွေနဲ့ အစိုးရတစ်ရပ်ဖွဲ့ကာ ဒီမိုကရေစီလမ်းကြောင်းကို ချီတက်မယ်လို့ စစ်တပ်လက်ထဲကနေ အာဏာပြန်ရခဲ့တဲ့ ဆူဒန်ဝန်ကြီးချုပ် အဘ်ဒူလာ ဟမ်ဒေါ့က ပြောပါတယ်။
ဟမ်ဒေါ့ဟာ အောက်တိုဘာ ၂၅ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ် အဘ်ဒဲလ် ဖာတာ ဘူရ်ဟန်ရဲ့ အာဏာသိမ်း ဖြုတ်ချမှုကို ခံခဲ့ရပြီး သူနဲ့ အစိုးရရာရှိတွေ နေအိမ်အကျယ်ချုပ်မှာ နေခဲ့ရတာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် ပြည်သူလူထုက ဆန္ဒပြခဲ့ပြီး စစ်တပ်က အကြမ်းဖက်ဖြိုခွင်းတာကြောင့် အနည်းဆုံး လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။
နိုင်ငံရေးအကျပ်အတည်း ပြေလည်ဖို့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် ဘူရဟန်၊ ဟမ်ဒေါ့နဲ့ နိုင်ငံရေးနယ်ပယ်ကသူတွေ၊ အခြားတတ်သိပညာရှင်တွေ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် မနေ့က အချက် ၁၄ ချက်ပါ သဘောတူညီချက်တစ်ခုကို ရခဲ့ပါတယ်။
သဘောတူညီချက်အရ ဟမ်ဒေါ့က ဝန်ကြီးချုပ်တာဝန်ပြန်ယူကာ တတ်သိပညာရှင်တွေနဲ့ အစိုးရဖွဲ့ရမှာဖြစ်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေအားလုံးကို စစ်ခေါင်းဆောင်က ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဟမ်ဒေါ့ဟာ အာဏာဘယ်လောက်ပမာဏအထိ ရယူကျင့်သုံးနိုင်မလဲဆိုတာ တိတိကျကျ မသိရပါဘူး။
သူဖွဲ့စည်းမယ့်အစိုးရဟာ ၂၀၁၉ ခုနှစ် အခြေခံဥပဒေဆိုင်ရာ ပဋိဉာဏ်ကို အခြေခံကာ အခြေခံဥပဒေရေးဆွဲရေး၊ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ရွေးကောက်ပွဲကျင်းပကာ ဒီမိုကရေစီလမ်းကြောင်းဆီ ချီတက်ရေး အာရုံစိုက်လုပ်ဆောင်သွားမယ်လို့ ဟမ်ဒေါ့က ပြောပါတယ်။
ဟမ်ဒေါ့ဖွဲ့စည်းတဲ့ အစိုးရကို စစ်ခေါင်းဆောင် ဘူရ်ဟန်က အကြီးအကဲအဖြစ်တာဝန်ယူထားတဲ့ နိုင်ငံတော်ကောင်စီက အတည်ပြုပေးရမှာဖြစ်ပါတယ်။ ၃ ပတ်ကြာ စစ်အာဏာသိမ်းမှုအတွင်း ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယိုမှုတွေအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်သွားမယ်လို့လည်း ဟမ်ဒေါ့က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဟမ်ဒေါ့နဲ့ ဘူရ်ဟန်တို့အကြား ရရှိတဲ့ သဘောတူညီချက်ကို ဆန့်ကျင်ရှုတ်ချခဲ့ကြပါတယ်။
Ref: Aljazeera
Comments