နိုဝင်ဘာ ၂၄၊ ၂၀၂၁
M-Media
-အိုင်းစတိုင်းရဲ့ နာမည်ကျော် ရလစ်တီဗတီသီအိုရီ (Theory of Relativity) ဖြစ်လာစေမယ့် တွက်ချက်မှု လက်ရေးမူကို မနေ့က ပြင်သစ်နိုင်ငံမှာ လေလံတင်ရာမှာ အမေရိကန်ဒေါ်လာ ၁၃.၁၇ သန်း ရရှိခဲ့ပါတယ်။
စာရွက်အဝါပေါ်မှာ မှင်အနက်ရဲ့ တွက်ချက်ထားတဲ့ အဲဒီလက်ရေးမူဟာ စာမျက်နှာ ၅၄ မျက်နှာရှိပြီး ထက်ဝက်နီးပါးက အိုင်းစတိုင်းရဲ့ လက်ရေးပါ။ ကျန်တဲ့တစ်ဝက်က အိုင်းစတိုင်းရဲ့ သူငယ်ချင်းအရင်းဖြစ်ပြီး သိပ္ပံပညာရှင်လည်းဖြစ်တဲ့ မိုက်ကယ် ဘက်ဆိုက ရေးသားတွက်ချက်တာ ဖြစ်ပါတယ်။
ရလစ်တီဗတီသီအိုရီဟာ အိုင်းစတိုင်းရဲ့ အကျော်ကြားဆုံး ဖော်ထုတ်မှုတွေထဲက တစ်ခုဖြစ်ပြီး နက္ခတ္တဗေဒနဲ့ နည်းပညာပိုင်းမှာ ဒီကနေ့ရရှိနေတဲ့ တိုးတက်မှုမျိုး ဖြစ်ပေါ်လာဖို့အတွက် အခြေခံအုတ်မြစ် ချပေးခဲ့တာဖြစ်ပါတယ်။
ဒီသီအိုရီနဲ့ပတ်သက်လို့ အိုင်းစတိုင်းတွက်ချက်ခဲ့တဲ့ လက်ရေးမူ ၂ ခုသာရှိပြီး မနေ့က လေလံတင်တဲ့ စာအုပ်ဟာ အဲဒီအထဲက တစ်ခုဖြစ်ကာ ၁၉၁၃ ခုနှစ်နဲ့ ၁၉၁၄ ခုနှစ်ကြားမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
သိပ္ပံပညာရှင် မိုက်ကယ်ဘက်ဆိုမိသားစုက ထိန်းသိမ်းထားတဲ့ ဒီလက်ရေးမူ တန်ဖိုးဟာ ကန်ဒေါ်လာ ၂.၂၅ သန်းကနေ ၃.၃၈ သန်းအထိ ရှိမယ်လို့ လေလံကုမ္ပဏီ Christie တွက်ချက်ခဲ့ပြီး လေလံတင်ရာမှာ ၁၃.၁၇ သန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။ ဘယ်သူဝယ်သွားလဲဆိုတာကို Christie က ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
Christie လေလံကုမ္ပဏီက ကျွမ်းကျင်သူ ဗင်းဆင့် ဘဲလွိုင်က ၁၉၁၉ ခုနှစ်မတိုင်ခင်မှာ ရေးသားခဲ့တဲ့ အိုင်းစတိုင်းရဲ့ လက်ရေးမူတွေဟာ အလွန်ရှားပါးတာကြောင့် ဒီလက်ရေးမူရဲ့ အရေးပါမှုဟာ ပိုမိုမြင့်တက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။
“အိုင်းစတိုင်းရဲ့ လက်ရေးမူတွေ သိပ်မကျန်တော့ပါဘူး။ ဒါ့ကြောင့် ဒီနေ့အချိန်အထိ ကျန်ရစ်နေပြီး ကျွန်တော်တို့ သိမှီမြင်တွေ့ရတာကပဲ သိပ်ကို ထူးခြားနေပါပြီ”
အိုင်းစတိုင်းရဲ့ နာမည်ကျော် သိပ္ပံညီမျှခြင်း E=mc² ပါဝင်တဲ့ လက်ရေးမူတစ်ခုကို အခုနှစ်မေလက အမေရိကန်မှာ လေလံတင်ရောင်းချခဲ့ပြီး ဒေါ်လာ ၁.၁ သန်းကျော် ရရှိခဲ့ပါတယ်။ ဒါဟာ မူရင်းတန်ဖိုးထက် ၃ ဆကျော် ရရှိတာလည်း ဖြစ်ပါတယ်။
Ref: Aljazeera
Comments