နိုဝင်ဘာ ၂၆၊ ၂၀၂၁
M-Media
-တောင်အာဖရိကမှာ ပြန့်နှံ့နေတဲ့ ကိုဗစ်မျိုးကွဲသစ်ဟာ အလွန်စိုးရိမ်စရာကောင်းပြီး လက်ရှိအသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ မတိုးတဲ့ ထူးထူးခြားခြား မျိုးကွဲမျိုးဖြစ်နိုင်တယ်လို့ ဗြိတိန်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
B.1.1.529 လို့အမည်ပေးထားတဲ့ အဲဒီမျိုးကွဲသစ်ဟာ တောင်အာဖရိကနဲ့ ဘော့စ်ဝါနာတို့မှာ ပြန့်နှံ့နေပြီး ဟောင်ကောင်မှာလည်း ဒီကနေ့အထိ ၂ ဦး တွေ့ရှိထားပါတယ်။ ဗိုင်းရပ်စ်က ကိုယ်ခံအားကို တိုက်ခိုက်နိုင်တဲ့ ပရိုတိန်းအချွန် (spike protein) ပုံပြောင်းမှုဟာ အကြိမ် ၃၀ ကျော်ရှိပြီး မူရင်း ကိုဗစ်ဗိုင်းရပ်စ်နဲ့ လုံး၀ ကွဲပြားခြားနားသွားပြီ ဖြစ်ပါတယ်။
ဗြိတိန်ကျန်းမာရေးဝန်ကြီး ဆာဂျစ် ဂျာဗစ်က အခုမျိုးကွဲသစ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက အကြီးအကျယ် စိုးရိမ်နေတယ်လို့ ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ မျိုးကွဲသစ်အကြောင်း စောစောစီးစီး ထုတ်ဖော်ပြောဆိုခဲ့တဲ့ တောင်အာဖရိက သိပ္ပံပညာရှင်တွေကို ကျေးဇူးတင်တယ်လို့လည်း ဂျာဗစ်က ဆိုပါတယ်။
B.1.1.529 အကြောင်းကို များများစားစား မသိရသေးပေမယ့် လတ်တလောသိရှိထားမှုအရ ဒီမျိုးကွဲသစ်ဟာ ပိုမိုပြန့်နှံ့လွယ်ပြီး ကာကွယ်ဆေးမတိုးတာမျိုးအထိ ဖြစ်နိုင်တယ်လို့ ယူဆရကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုဗစ်မျိုးကွဲသစ် ဘယ်လောက်အထိ ပြန့်နှံ့လွယ်သလဲဆိုတာ သိရဖို့ သီတင်းပတ်အနည်းငယ်လောက် စောင့်ကြည့်ရအုံးမယ်လို့ ပြောကြားခဲ့ပါတယ်။
ယူကေ၊ စင်ကာပူတို့အပါအဝင် ကမ္ဘာ့နိုင်ငံတစ်ချို့ဟာ တောင်အာဖရိကကနေ ခရီးသွားတွေဝင်ရောက်မှုကို ပိတ်ပင်ထားပြီး အခြားနိုင်ငံတွေကလည်း ဒီလိုကန့်သတ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။
Ref: Reuters
Comments