ဒီဇင်ဘာ ၆၊ ၂၀၂၁
M-Media
-အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ရှိခ် သာနွန် ဘင် ဇယဒ် အလ် နဟ်ယန်ဟာ အီရန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေပါတယ်။
ယူအေအီးနဲ့ အီရန်တို့ဟာ ဒေသတွင်းပြဿနာတွေမှာ ဆန့်ကျင်ဖက်အဖွဲ့အစည်းဖက်က ပါဝင်ရပ်တည်ပေးနေပြီး ဆက်ဆံရေးတင်းမာနေတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကစလို့ တင်းမာမှုတွေလျော့ကျအောင် ဆောင်ရွက်လာပါတယ်။
ရှိခ်သာနွန်ဟာ အီရန်အမျိုးသားလုံခြုံရေးအကြီးအကဲ အလီ ရှမ်ခါနီ၊ သမ္မတ အီဘရာဟင် ရိုင်စီတို့နဲ့ ဒီကနေ့မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်အောင်နဲ့ ဒေသတွင်းပြဿနာတွေ ဖြေရှင်းရေး ဆွေးနွေးခဲ့ကြပါတယ်။
အီရန် အမျိုးသားလုံခြုံရေးအကြီးအကဲ ရှမ်ခါနီက အရှေ့အလယ်ပိုင်းဒေသကို ပြင်ပက ဝင်ရောက်စွက်ဖက်တာမျိုး မရှိသင့်ကြောင်း၊ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့်သာ ဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့ပြီး ရှိခ်သာနွန် လာရောက်လည်ပတ်မှုဟာ နှစ်နိုင်ငံဆက်ဆံရေး စာမျက်နှာသစ်စတင်ကာ၊ ဒေသတွင်း ဆက်ဆံရေး ချဲ့ထွင်ဖို့ အခြေခံအုပ်မြစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒေသတွင်းရန်ဖက်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီနဲ့ အီရန်တို့လည်း ပြီးခဲ့တဲ့လတွေအတွင်း ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ကြိုးစားလာခဲ့ပြီး ဧပြီလကစလို့ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တွေ အီရတ်မှာ လျှို့ဝှက် တွေ့ဆုံနွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
Ref : Aljazeera
Comments