ဒီဇင်ဘာ ၈၊ ၂၀၂၁
M-Media
-မိမိတို့ထုတ်ထားတဲ့ ကာကွယ်ဆေး ၃ ကြိမ်ထိုးရင် မျိုးကွဲသစ် အိုမီခရွန် (Omicron) ကို တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံစွမ်းအား ရရှိတာကို တွေ့ရကြောင်း ထိပ်တန်း ကိုဗစ်ကာကွယ်ဆေးကုမ္ပဏီ BioNTech and Pfizer က ဒီကနေ့မှာ ကြေငြာချက် ထုတ်ပြန်ပါတယ်။
ကာကွယ်ဆေးထိုးထားတဲ့သူရဲ့သွေးကို ယူပြီး ဓာတ်ခွဲခန်းစမ်းသပ်မှုမှာ ဒီရလဒ်ထွက်ပေါ်လာတာပါ။ လိုအပ်ရင် အိုမီခရွန်အတွက်ကာကွယ်ဆေးကို ၂၀၂၂ ခုနှစ် မတ်လလောက်မှာ ထုတ်လုပ်ဖြန့်ဖြူးနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။
Pfizer ကုမ္ပဏီအကြီးအကဲ အဲလ်ဘတ်ဘူလာက လူတွေကို ကာကွယ်ဆေး ၂ ကြိမ် ထိုးပေးနိုင်အောင် ဆောင်ရွက်ရမှာဖြစ်ပြီး၊ အဲဒီနောက် တတိယတစ်ကြိမ် Booster ထိုးခြင်းက ကိုဗစ်ကပ်ရောဂါကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကူးစက်နေကြောင်း တောင်အာဖရိကနိုင်ငံက နိုဝင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ အဲဒီနောက် ကမ္ဘာ့နိုင်ငံတစ်ချို့မှာ ဒီမျိုးကွဲသစ် ကူးစက်မှုတွေ တွေ့ရလာပေမယ့် အခုအချိန်အထိ အိုမီခရွန်ကြောင့် သေဆုံးမှု မရှိသေးပါဘူး။
အိုမီခရွန်အတွက် သီးသန့်ကာကွယ်ဆေးထုတ်ဖို့ လိုအပ်လားဆိုတာ အတိအကျ မသိသေးပေမယ့် BioNTech and Pfizer က ထုတ်လုပ်ဖြန့်ဖြူးသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
တောင်အာဖရိက သိပ္ပံပညာရှင်တွေက အိုမီခရွန်ဟာ Pfizer နှစ်ကြိမ်ထိုးမှုကနေ ထွက်လာတဲ့ ကိုယ်ခံစွမ်းအားကို ကျော်လွှားနိုင်မယ့်အနေအထား ရှိပေမယ့် ၃ ကြိမ်ထိုးထားရင် ကာကွယ်နိုင်ဖွယ်ရှိတယ်လို့ ကနဦးလေ့လာဆန်းစစ်မှုတွေကို ကိုးကားပြီး မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
Ref: CNA
Comments