ဒီဇင်ဘာ ၁၂၊ ၂၀၂၁
M-Media
-ယူကရိန်းကို ကျူးကျော်သိမ်းပိုက်မယ်ဆိုရင် အကြီအကျယ် ပြန်ပေးဆပ်ရမှာဖြစ်ပြီး ပြင်းထန်တဲ့ စီးပွားရေးဆိုးကျိုးတွေကို ခံစားရမှာဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်ကို သတိပေးခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။
ပူတင်နဲ့ ဘိုင်ဒန်တို့ဟာ ပြီးခဲ့တဲ့တစ်ပတ်က ၂ နာရီကြာ ဖုန်းနဲ့ ပြောဆိုဆွေးနွေးခဲ့တာပါ။
ရုရှားက ကျူးကျော်လာရင် အမေရိကန်မြေပြင်တပ်ဖွဲ့တွေ ယူကရိန်းကိုစေလွှတ်ဖို့ မိမိတို့မှာ အစီအစဉ်လုံး၀မရှိဘူးလို့ သမ္မတ ဘိုင်ဒန်က သတင်းထောက်တွေကို မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နေ့တိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ အရှေ့ခြမ်းမှာ ကာကွယ်ရေးတိုးမြှင့်ဖို့ လိုအပ်လာရင် စစ်သည်တွေ ပို့သွားမယ်လို့ ဆိုပါတယ်။
“ယူကရိန်းမှာ အကွက်ရွှေ့လာရင် သူတို့တိုင်းပြည်ရဲ့ စီးပွားရေး ဆိုးဆိုးရွားရွားကို ထိခိုက်လိမ့်မယ်လို့ ကျွန်တော် ပူတင်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်”
ယူကရိန်းကိုကျူးကျော်ရင် လက်ရှိ ကမ္ဘာကြီးမှာ ရုရှားရဲ့ ရပ်တည်မှု သိသိသာသာ ပြောင်းလဲသွားလိ့မ်မယ်လို့လည်း ဘိုင်ဒန်က ပူတင်ကို သတိပေးခဲ့ပါတယ်။
G7 အဖွဲ့က နိုင်ငံခြားရေးဝန်ကြီးတွေ မနေ့က လီဗာပူးလ်မြို့ တွေ့ဆုံပွဲအပြီးမှာ ရုရှားအနေနဲ့ ယူကရိန်းကို မကျူးကျော်ဖို့နဲ့ ကျူးကျော်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရမယ်လို့ သတိပေးခဲ့ပါတယ်။
ရုရှားဟာ ယူကရိန်းနိုင်ငံရေးအကြပ်အတည်းကို အမြတ်ထုတ်ပြီး ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ယူကရိန်းနဲ့ကပ်နေတဲ့ နယ်စပ်ကို စစ်သားသောင်းချီနဲ့ စက်လက်နက်ပစ္စည်းအများအပြား ပို့ဆောင်ထားပါတယ်။
ယူကရိန်းက ရုရှားဟာ မိမိတို့ကို ကျူးကျော်သိမ်းပိုက်ဖို့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပြီး ရုရှားကတော့ ဒီပြောဆိုချက်ကို ငြင်းပါတယ်။
Ref: Reuters
Comments