ဒီဇင်ဘာ ၁၈၊ ၂၀၂၁
M-Media
-အခုလက်ရှိ ပြန့်နှံ့နေတဲ့ ပုံပြောင်းကိုဗစ် Omicron ဟာ သူအရင်က ပြန့်ခဲ့တဲ့ Delta လောက် မပြင်းဘူးဆိုတဲ့ အထောက်အထားမျိုး မတွေ့ရဘဲ၊ ပြန်လည်ကူးစက်နိုင်မှုကလည်း ၅ ဆ ပိုမြင့်တယ်လို့ လေ့လာမှုအသစ်တစ်ခုမှာ တွေ့ရပါတယ်။
ယူကေမှာ နိုဝင်ဘာ ၂၉ ရက်နေ့ကနေ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ Omicron ကူးစက်ခဲ့တဲ့ လူနာတွေရဲ့ အချက်အလက်တွေကို အခြေခံပြီး လန်ဒန်မြို့ Imperial ကောလိပ်က ဒီသုတေသနကို လုပ်ဆောင်တာပါ။
“အိုမီခရွန်ကြောင့် ဆေးရုံတက်ရနိုင်တဲ့အန္တရာယ်၊ ရောဂါလက္ခဏာတွေဟာ Delta လောက် မမြင့်မားဘူး၊ မဆိုးရွားဘူးဆိုတဲ့ အထောက်အထားမျိုး ကျွန်တော်တို့ မတွေ့ပါဘူး” လို့ လေ့လာမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကာကွယ်ဆေးတွေရဲ့ထိရောက်မှု၊ အမျိုးသား၊ အမျိုးသမီး၊ လူမျိုး၊ ဒေသ စတာတွေကို အခြေခံပြီး တွက်ချက်ရာမှာ အိုမီခရွန် ပြန်လည်ကူးစက်နိုင်မှုဟာ Delta နဲ့နှိုင်းယှဉ်ရင် ၅.၄ ဆလောက် မြင့်တာကိုလည်း လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။
အရင်က ကိုဗစ်ပိုး ကူးစက်ထားသူတွေဟာ အိုမီခရွန်ကူးစက်နိုင်မှုအန္တရာယ် ၈၁ ရာခိုင်နှုန်းလောက် ရှိနေပြီး၊ AstraZeneca နဲ့ Pfizer ကာကွယ်ဆေးထိုးထားသူတွေမှာ ကူးစက်နိုင်မှုဟာလည်း Delta ထက် ပိုမိုမြင့်မားပါတယ်။
ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားရင် အိုမီခရွန်ကို ကာကွယ်နိုင်စွမ်း ၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းသာ ရှိပြီး၊ တတိယအကြိမ် Booster ထိုးထားမယ်ဆိုရင် ၅၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
“ကာကွယ်ဆေးကရတဲ့ ကိုယ်ခံအားကို အိုမီခရွန်က ကျော်နိုင်တယ်ဆိုတာဟာ ပြည်သူ့ကျန်းမာရေးအတွက် အဓိကခြိမ်းခြောက်မှုကြီး ဖြစ်ပါတယ်” လို့ လေ့လာမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref: Reuters
Comments