ဒီဇင်ဘာ ၂၁၊ ၂၀၂၁
M-Media
-အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှာ မျောက်နဲ့ ခွေးတို့အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားတာကြောင့် အနည်းဆုံး ခွေးကောင်ရေ ၂၅၀ လောက် သေဆုံးပြီး၊ လူတွေကိုပါ မျောက်တွေက တိုက်ခိုက်လာတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
မျောက်ပေါက်လေးတစ်ကောင်ကို ခွေးတွေက ကိုက်သတ်ခဲ့တဲ့ ပြီးခဲ့တဲ့တစ်ပတ်ကစလို့ တိုက်ပွဲ စတင်ခဲ့ပြီး မျောက်တွေက လက်စာချေးတိုက်ခိုက်မှုတွေ ပိုလုပ်လာပါတယ်။
ဘိဒ်ခရိုင် မာဂျာလ်ဂေါင်မြို့မှာ တိုက်ခိုက်မှုတွေ အဓိကဖြစ်ပွားတာဖြစ်ပြီး မျောက်တွေက ခွေးပေါက်လေးတွေကို ဖမ်းကာ သစ်ပစ်အမြင့်တွေ၊ တိုက်အမြင့်တွေပေါ်ကနေ အောက်ကို ပစ်ချ သတ်ဖြတ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် အနည်းဆုံး ခွေးအကောင်ရေ ၂၅၀ လောက်သေဆုံးခဲ့ပြီး တစ်ချို့ရွာတွေမှာ ခွေးပေါက်တွေ လုံး၀မရှိတော့သလောက် ဖြစ်သွားတယ်လို့ ဆိုပါတယ်။
မျောက်တွေဟာ ကလေးငယ်တွေကိုပါ တိုက်ခိုက်တာ၊ ဖမ်းတာတွေ လုပ်လာတာကြောင့် သားရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးအာဏာပိုင်တွေကို ဒေသခံတွေက တိုင်ကြားမှု ရှိလာပါတယ်။
ဘိဒ်ခရိုင် သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး တာဝန်ရှိသူ ဆာချင်ကန်က တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ ယူဆရတဲ့ မျောက်နှစ်ကောင်ကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
ဒီပြဿနာနဲ့ပတ်သက်ပြီး အိန္ဒိယ ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ပြန့်နှံ့နေသလို အာဏာပိုင်တွေက တိရစ္ဆာန်တွေရဲ့ သဘောသဘာ၀ကို နားမလည်ဘဲ မျောက်တွေ တုန့်ပြန်လက်စားချေတဲ့ ပုံစံမျိုး မရေးသား မပြောဆိုကြဖို့ တိုက်တွန်းထားပါတယ်။
Ref: Vice
Comments