ဒီဇင်ဘာ ၃၁၊ ၂၀၂၁
M-Media
-သုတေသနဂြိုဟ်တု ၃ ခု တင်ဆောင်ထားတဲ့ ဒုံးပျံကို အာကာသထဲ လွှတ်တင်လိုက်တယ်လို့ အီရန်က ကြာသာပတေးနေ့မှာ ထုတ်ပြန်ခဲ့ပြီး၊ ဘာကိရိယာတွေလဲဆိုတာတော့ အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပါဘူး။
အီရန်ဟာ လက်ရှိမှာ အမေရိကန်ဦးဆောင်တဲ့ အင်အားကြီး ၆ နိုင်ငံနဲ့ နျူအရေး သဘောတူညီချက် ပြန်ရဖို့ ဆွေးနွေးနေတာဖြစ်ပြီး အခက်အခဲတွေလည်း ရှိနေတာပါ။
အီရန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဟ်မဒ်ဟိုစိန်နီက Simorgh ဒုံးပျံဟာ သုတေသနဂြိုဟ်တုတွေကို ကမ္ဘာမြေပြင်အထက် မိုင်ပေါင်း ၂၉၀ ကို သယ်ဆောင်သွားတယ်လို့ ပြောပါတယ်။ ဒုံးပျံနဲ့ ထိန်းချုပ်စခန်းတို့ဟာ အမှားအယွင်းမရှိ လုပ်ဆောင်နိုင်ခဲ့ပြီး နောက်ထပ် ဆက်လွှတ်ဖို့ရှိတယ်လို့လည်း ဟိုစိန်နီက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
“ဒီလွှတ်တင်မှုနဲ့ပတ်သက်တဲ့ သုတေသနဆိုင်ရာ ရည်ရွယ်ချက်တွေ အထမြောက် အောင်မြင်ခဲ့ပါတယ်”
လွှတ်တင်မှုကို ဘယ်အချိန်က လုပ်တာလဲ၊ ဘာဂြိုဟ်တုတွေလဲဆိုတာနဲ့ လွှတ်တင်မှု အမှန်တကယ် အောင်မြင်ခဲ့လားဆိုတာ အသေးစိတ် မသိရပါဘူး။ လွှတ်တင်ရာမှာ အသုံးပြုခဲ့တဲ့ Simorgh ဒုံးပျံဟာ အီရန်ရဲ့ ပြည်တွင်းဖြစ် ဒုံးပျံဖြစ်ပါတယ်။
အရပ်ဖက်ကိစ္စတွေမှာ အသုံးပြုနိုင်မယ့် ဂြိုဟ်တုတွေ လွှတ်တင်ဖို့ရှိတယ်လို့ မကြာသေးခင်ကပဲ အီရန်က ထုတ်ပြန်ထားပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC မှာလည်း သီးခြား အာကာသစီမံကိန်းတစ်ခု ရှိနေပြီး ပြီးခဲ့တဲ့နှစ်က ဂြိုဟ်တုတစ်လုံးကို အာကသထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။
အီရန်ရဲ့ ဒုံးပျံတွေ စမ်းသပ်မှု၊ လွှတ်တင်မှုဟာ နျူလက်နက်အတွက် ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စွပ်စွဲထားပြီး အီရန်ကတော့ ဒါကို ငြင်းပါတယ်။
Ref: Reuters
Comments