ဇန်နဝါရီ ၉၊ ၂၀၂၂
M-Media
-စကြ၀ဠာကြီး စတင်ဖြစ်ပေါ်ချိန်ကို လေ့လာဖို့ ရည်ရွယ်လွှတ်တင်ထားတဲ့ Webb တယ်လီစကုပ်ရဲ့ ဧရာမ မှန်ပြားကို အာကာသထဲမှာ အောင်မြင်စွာ ဖြန့်ချနိုင်ခဲ့တယ်လို့ အမေရိကန် အာကာသအေဂျင်စီ နာဆာက ထုတ်ပြန်ပါတယ်။
Webb တယ်လီစကုပ်ဟာ ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံးနဲ့ အဆင့်အမြင့်ဆုံး တယ်လီစကုပ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၇ ဘီလီယံလောက်က ဖြစ်ပေါ်ခဲ့တဲ့ ‘မဟာပေါက်ကွဲမှု’ ကြောင့် ပထမဆုံးပေါ်ထွက်လာတဲ့ ကြယ်တွေ၊ ဂလက်ဆီတွေကို လေ့လာမှာပါ။
ဒီတယ်လီစကုပ် တပ်ဆင်ထားတဲ့ ဂြိုဟ်တုကို ဒီဇင်ဘာ ၂၅ ရက်နေ့က အာဖရိကတိုက်မှာရှိတဲ့ ပြင်သစ်ပိုင် ဂီယာနာကျွန်းကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ပထမနှစ်ပတ်က ဧရာမမှန်ပြားကြီးကို ဖြန့်ချတဲ့အဆင့် ဖြစ်ပါတယ်။
သတ္ထုမှာ ရွှေပြားအုပ်ထားပြီး ပန်းပွင့်ပုံစံရှိတဲ့ အဲဒီဧရာမမှန်ပြားကြီးကို ဖြန့်ချတဲ့အဆင့်ဟာ Webb တယ်လီစကုပ်ရဲ့ ရှုပ်ထွေးပြီး အန္တရာယ်ရှိတဲ့အပိုင်း ဖြစ်ပါတယ်။ မနေ့ကတော့ နာဆာရဲ့ မြေပြင်ထိန်းချုပ်ရေးစခန်းဟာ မှန်ပြားရဲ့ နောက်ဆုံးအပိုင်းကို အောင်မြင်စွာ ဖြန့်ချနိုင်ခဲ့ပါတယ်။
“အင်မတန် စိတ်လှုပ်ရှားစရာကောင်းသလို၊ အံ့ဩစရာကောင်းတဲ့ သမိုင်းမှတ်တိုင်လည်း ဖြစ်ပါတယ်။ အခုဆိုရင် အာကာသမှာ လှပတဲ့ ပုံသဏ္ဍာန်တစ်ခုကို ကျွန်တော်တို့ မြင်ရပါပြီ” လို့ နာဆာရဲ့ အကြီးတန်းအင်ဂျင်နီယာ သောမတ်စ် ဇူရ်ဘူချန်က ပြောပါတယ်။
ဧရာမမှန်ပြား ဖြန့်ချပြီး နောက်တစ်ဆင့်ဟာ တယ်လီစကုပ်မှာရှိတဲ့ အလင်းနဲ့ သိပ္ပံဆိုင်ရာ ကိရိယာတွေ ချိန်ညှိဖို့ ဖြစ်ပါတယ်။ လေ့လာမှုတွေ စတင်လုပ်ဆောင်မယ့် သတ်မှတ်နေရာကိုရောက်ဖို့ နောက်ထပ် ၅ လခွဲ သွားရမှာဖြစ်ပါတယ်။
Ref: Aljazeera
Comments