ဇန်နဝါရီ ၂၂၊ ၂၀၂၂
M-Media
-အာဖဂန်နစ္စတန်က လူ့အခွင့်အရေး အခြေအနေကို ရှင်းပြဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိဖို့အတွက် တာလီဘန်ကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့်တစ်ပတ်မှာ အနောက်နိုင်ငံတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။
နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဆွေးနွေးမှာဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကြာမြင့်မယ်လို့ နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီဆွေးနွေးပွဲမှာ အမေရိကန်၊ ဂျာမနီ၊ ယူကေ၊ ပြင်သစ်နဲ့ ဥရောပသမဂ္ဂတို့ ပါဝင်မှာပါ။
ဆွေးနွေးပွဲအတွက် တာလီဘန်ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ကြားတာဟာ တာလီဘန်အစိုးရကို အသိအမှတ်ပြုတာမျိုး မဟုတ်ဘဲ၊ တိုင်းပြည်ကို အုပ်စိုးနေတဲ့အဖွဲ့နဲ့ စကားပြောဆိုမှုသာဖြစ်တယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt က ပြောပါတယ်။
အာဖဂန်က စီးပွားရေး ပြိုလဲမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ပြည်သူလူထု ငတ်မွတ်ခေါင်းပါးမှု စတဲ့ အခြေအနေတွေအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့လည်း Huitfeldt က ဆိုပါတယ်။
တာလီဘန်ကိုယ်စားလှယ်အဖွဲ့ကို တာလီဘန်အစိုးရရဲ့ ခေတ္တ နိုင်ငံခြားရေးဝန်ကြီး အမီရ်ခန်း မွတ်သကီက ဦးဆောင်မှာပါ။ မွတ်သကီတို့အဖွဲ့ဟာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ သီးခြားတွေ့ဆုံဖို့ ရှိတယ်လို့ တာလီဘန် ယဉ်ကျေးမှုနဲ့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဇဘီဟွလ္လာမူဂျာဟစ်က ပြောပါတယ်။
ဆွေးနွေးပွဲမှာ အာဖဂန်နစ္စတန်က အမျိုးသမီးတွေရဲ့အခွင့်အရေး ကန့်သတ်ခံရမှုတွေအကြောင်းနဲ့ တာလီဘန်အစိုးရမှာ နိုင်ငံအတွင်းက လူမျိုးစုတွေ၊ ဘာသာရေးလူနည်းစုတွေ ပါဝင်ရေး အနောက်နိုင်ငံတွေက အဓိကထား ပြောဆိုသွားဖို့ ရှိနေပါတယ်။
Ref: Aljazeera
Comments