ဇန်နဝါရီ ၃၀၊ ၂၀၂၂
M-Media
-နိုင်ငံရေတပ်မှာ အသုံးပြုဖို့နဲ့ ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချဖို့ ရည်ရွယ်ပြီး တူရကီဟာ စွမ်းဆောင်ရည်မြင့် တိုက်ပွဲဝင် အသေးစား ရေငုပ်သင်္ဘောတွေကို တည်ဆောက်နေပါတယ်။
STM500 လို့ အမည်ပေးထားတဲ့ အဲဒီရေငုပ်သင်္ဘောက အနာဂတ် ရေကြောင်းတိုက်ပွဲတွေကို အဆုံးအဖြတ်ပေးနိုင်တဲ့အထိ အစွမ်းထက်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
သင်္ဘောမှာ တပ်ဆင်ထားတဲ့ ဒီဇယ်အင်ဂျင်နဲ့ ရေမိုင် ၃၅၀၀ ကို မောင်းနှင်နိုင်မှာဖြစ်ပြီး၊ ဘတ္ထရီက ၇၅ မိုင် မောင်းနိုင်မှာ ဖြစ်ပါတယ်။ AIP (air-independent propulsion) စနစ် တပ်ဆင်နိုင်သလို AIP နဲ့ ဒီဇယ်အင်ဂျင်စနစ်နဲ့ ပေါင်းလိုက်ရင် ရေမိုင် ၄ ထောင်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
ရေအောက်ရေဒါစနစ်ဖြစ်တဲ့ ဆိုနာ (Sonar) စနစ်မျိုးစုံ၊ Optronic Periscopeနဲ့ အီလက်ထရောနစ် စစ်ပွဲဆိုင်ရာ ထောက်ပံ့မှုစနစ် (ESM) ကိုလည်း တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။
STM500 ရေငုပ်သင်္ဘောမှာ သင်္ဘောသား ၁၈ ဦး၊ အထူးတပ်ဖွဲ့ဝင် ၆ ဦး လိုက်ပါနိုင်မှာ ဖြစ်ပါတယ်။ စွမ်းအားမြင့် တော်ပီဒို ဒုံးကျည်၊ ဒါမှမဟုတ် ခရုဇ်ဒုံးကျည် ၈ လုံး တပ်ဆင်အသုံးပြုနိုင်မှာပါ။
ဒီရေငုပ်သင်္ဘောဟာ ပင်လယ်နက်မှာ ရုရှားရဲ့ဩဇာကို ယှဉ်ပြိုင်နိုင်မှာဖြစ်သလို အနာဂတ် အာဏာတည်ဆောက်ရေးမှာလည်း အရေးပါလာမှာ ဖြစ်ပါတယ်။ ပင်လယ်နက်မှာ ရေငုပ်သင်္ဘော မချရေး တားမြစ်တဲ့ သဘောတူစာချုပ်တစ်ခုလည်း ရှိထားပြီး နေတိုးအဖွဲ့မှာ ရိုမေးနီးယားနဲ့ တူရကီတို့ကသာ ပင်လယ်နက်မှာ ရေငုပ်သင်္ဘော ချထားခွင့်ရှိပါတယ်။
တူရကီက STM500 ရေငုပ်သင်္ဘောကို ပြည်ပနိုင်ငံတွေအထိ တင်ပို့ရောင်းချနိုင်ဖို့ ရည်ရွယ်ထားပြီး အမေရိကန်နဲ့ အနောက်နိုင်ငံလုပ် စျေးကြီးတဲ့ ရေငုပ်သင်္ဘောတွေ ဝယ်ယူဖို့ မတတ်နိုင်တဲ့ နိုင်ငံတွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒရုန်းထုတ်လုပ်ရောင်းချမှုမှာ တူရကီဟာ အောင်မြင်မှုတစ်ခု ရရှိနေပြီး တူရကီထုတ် Bayraktar TB2 တိုက်ပွဲဝင်ဒရုန်းက နာမည်ကျော်ပါတယ်။
Ref: Asia Times
Comments