ဖေဖော်ဝါရီ ၃၊ ၂၀၂၂
M-Media
-ထိုင်းနဲ့ကပ်နေတဲ့ ကလန်တန်းပြည်နယ်မှာ နိုင်ငံခြားသားတွေ အောက်လမ်းကဝင်လာဖို့ ကူညီရင် အရေးယူမယ်လို့ မလေးရှား ရဲတပ်ဖွဲ့ရဲ့ ပြည်တွင်းလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ ဒါတွန် ဟာဇာနီ ဂါဇာလီက ဒေသခံတွေကို သတိပေးလိုက်ပါတယ်။
ထိုင်း-မလေးရှား နယ်စပ်ကိုဖြတ်ကာ မြန်မာနိုင်ငံက တရားမဝင်ဝင်ရောက်လာသူတွေနဲ့ ပတ်သက်ပြီး မနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဂါဇာလီက ဒီလိုမှတ်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။
အောက်လမ်းကဝင်လာသူတွေကို ကူညီတဲ့ ဘယ်ဒေသခံကိုမဆို လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေ၊ မှောင်ခိုဥပဒေ၊ ပြည်သူ့လုံခြုံရေး ဥပဒေတွေနဲ့ တရားစွဲဆို အရေးယူသွားမှာ ဖြစ်ကြောင်း၊ တရားမဝင် ဝင်လာသူတွေနဲ့ ဒီကိစ္စမှာ ကူညီပေးသူတွေကို ထိထိရောက်ရောက် အပြစ်ပေးနိုင်ရေး လွှတ်တော်အမတ်တွေနဲ့လည်း ဆွေးနွေးဖို့ရှိကြောင်း သူက ဆိုပါတယ်။
“လူကုန်ကူးမှုတွေဖြစ်နေတာ ဒေသခံတွေထဲက ကူညီပေးနေသူတွေ ရှိလို့ပါ။ ဒါဟာ ကလန်တန်းပြည်နယ်တစ်ခုတည်းမှာ ဖြစ်နေတဲ့ကိစ္စ မဟုတ်ပါဘူး”
ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်မှု မြင့်တက်လာပြီး ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံက ဝင်ရောက်လာသူတွေကို အကြီးအကျယ် ဖမ်းဆီးနေပါတယ်။
Ref: The Star
Comments