ဖေဖော်ဝါရီ ၄၊ ၂၀၂၂
M-Media
-ဆီးရီးယားက အမေရိကန်စစ်တပ်ရဲ့ စီးနင်းတိုက်ခိုက်မှုတွင်း IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ အီဘရာဟင် အလ် ဟာရှီမီ အလ် ကိုရိုက်ရှီဟာ အသေခံဗုံးခွဲပြီး သေဆုံးသွားတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ကြာသာပတေးမှာ ထုတ်ပြန်ပါတယ်။
ဆီးရီးယား-တူရကီနယ်စပ် အတ္တမီမြို့က လူနေ ၃ ထပ်တိုက်ခန်းတစ်ခုမှာ ပုန်းအောင်းနေတဲ့ ကိုရိုက်ရှီကို ဖမ်းဆီးနိုင်ဖို့အတွက် လပေါင်းများစွာ ပြင်ဆင်လေ့ကျင့်ခဲ့ရတယ်လို့လည်း ဘိုင်ဒန်က ဆိုပါတယ်။
၂၀၁၉ ခုနှစ် အမေရိကန်ကွန်မန်ဒိုတွေရဲ့ စစ်ဆင်ရေးအတွင်း IS ခေါင်းဆောင် အဘူ ဘာကာ အလ် ဘဂ္ဂဒါဒီ သေဆုံးခဲ့ပြီးနောက်ပိုင်း ကိုရိုက်ရှီက IS ခေါင်းဆောင်နေရာကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။
ကိုရိုက်ရှီရဲ့ အသေခံဗုံးခွဲမှုကြောင့် သူရဲ့ဇနီးနဲ့ ကလေးတွေပါ သေဆုံးခဲ့ပါတယ်။ စီးနင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေဖက်ကတော့ ထိခိုက်သေဆုံးမှု မရှိပါဘူး။
စစ်ဆင်ရေးအစအဆုံးကို သမ္မတဘိုင်ဒန်က အိမ်ဖြူတော်ကနေ တိုက်ရိုက်စောင့်ကြည့်ညွှန်ကြားခဲ့ပါတယ်။
“ကျွန်တော်တို့တပ်ဖွဲ့တွေရဲ့ သတ္တိဗျတ္တိကြောင့် စက်ဆုပ်ဖွယ်အကြမ်းဖက်ခေါင်းဆောင် ကိစ္စချောသွားပါပြီ” လို့ စစ်ဆင်ရေးအပြီး မိန့်ခွန်းမှာ ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: Reuters
Comments