ဖေဖော်ဝါရီ ၆၊ ၂၀၂၂
M-Media
-ရေတွင်းထဲကျသွားတဲ့ အသက် ၅ နှစ်အရွယ် ရိုင်ယန် အောင်ရမ်ဟာ ကယ်ဆယ်ရေးသမားတွေ မရောက်ခင်မှာပဲ သေဆုံးသွားတယ်လို့ မော်ရိုကိုအစိုးရက ထုတ်ပြန်ပါတယ်။
နိုင်ငံမြောက်ပိုင်းက တောင်တန်းဒေသဖြစ်တဲ့ Chefchaouen မှာ ရိုင်ယန်တစ်ယောက် အင်္ဂါနေ့က ရေတွင်းထဲ ပြုတ်ကျသွားတာဖြစ်ပါတယ်။ ရိုင်ယန်ကို ကယ်ဖို့အတွက် မော်ရိုကိုအစိုးရက အစွမ်းကုန် ကြိုးစားခဲ့ကြပြီး တစ်ကမ္ဘာလုံးက စောင့်ကြည့်ခဲ့ကြတဲ့ အဖြစ်အပျက်လည်း ဖြစ်ပါတယ်။
ရေတွင်းအ၀ဟာ ၁၈ လက်မသာကျယ်ပြီး အတွင်းပိုင်းမှာ ပိုကျဉ်းသွားတာကြောင့် ကယ်ဆယ်ရေးသမားတွေ ဆင်းကယ်ဖို့ မလွယ်ကူပါဘူး။ ရိုင်ယန်ဟာ ရေတွင်းအောက် ပေ ၁၀၀ လောက်မှာ ညပ်နေတာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ရေတွင်းဘေးနားက မြေတွေကို ဖြိုချပြီး အလျားလိုက် မြောင်းဖောက်ကာ ကယ်ဖို့ ကြိုးစားခဲ့ကြတာပါ။ တောင်ကုန်းဖြစ်ပြီး မြေကလည်း ပျော့တာကြောင့် မြေပြိုမယ့်အန္တရာယ်ကို အထူးရှောင်ရှားပြီး တူးခဲ့ရတာ ဖြစ်ပါတယ်။
မနေ့ကညပိုင်းက ရိုင်ယန်ညပ်နေတဲ့နေရာကို ရောက်ရှိခဲ့ပေမယ့် အသက်မမီတော့ပါဘူး။
ရေတွင်းထဲပြုတ်ကျပြီးပြီးချင်းမှာ ရိုင်ယန်ဟာ အသက်ရှင်သေးပြီး ကယ်ဆယ်ရေးသမားတွေက အောက်ဆီဂျင်နဲ့ ရေတွေကို အပေါ်ကနေ ချကာ အသက်ဆက်နိုင်အောင် ကြိုးစားခဲ့ကြပါသေးတယ်။ Chefchaouen ဒေသဟာ ဆောင်းတွင်းမှာ အလွန်အေးတဲ့ ဒေသလည်း ဖြစ်ပါတယ်။
ရိုင်ယန်လေးသေဆုံးသွားမှုအတွက် ဝမ်းနည်းကြောင်း မော်ရိုကိုဘုရင် မိုဟာမက်က ကြေငြာချက် ထုတ်ပြန်ခဲ့သလို၊ မော်ရိုကိုနဲ့ ကမ္ဘာတစ်ဝှမ်း ပြည်သူတွေကလည်း ဆိုရှယ်မီဒီယာတွေမှာ ဝမ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။
Ref: Reuters
Comments