ဖေဖော်၀ါရီ ၂၃၊ ၂၀၂၂
M-Media
-ကမ္ဘာကြီးက ရုရှားနဲ့ ယူကရိန်းကိစ္စကို အာရုံစိုက်နေတဲ့အချိန် တရုတ်က မိမိတို့ပိုင်နက်ကို ကျူးကျော်တိုက်ခိုက်လာမှာ စိုးရိမ်မိတယ်လို့ ထိုင်၀မ်နိုင်ငံက ပြောကြားလိုက်ပါတယ်။
တရုတ်အစိုးရက ထိုင်၀မ်ဟာ တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပြီး လိုအပ်ရင် အင်အားသုံးသိမ်းပိုက်မယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကစလို့ တရုတ်လေတပ်က လေယာဥ်တွေ အုပ်စုလိုက် ထိုင်၀မ်လေပိုင်နက်ထဲ ကျူးကျော်၀င်ရောက် ပျံသန်းကာ အင်အားပြတာတွေလည်း အများအပြား ရှိနေပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်မယ့်အန္တရာယ်ရှိနေတဲ့အချိန် တရုတ်ကလည်း ဒီလိုလုပ်ဆောင်လာမှာကို ထိုင်၀မ်က စိုးရိမ်နေတာ ဖြစ်ပါတယ်။ ယူကရိန်းကိစ္စကို စောင့်ကြည့်လေ့လာ သုံးသပ်ဖို့အဖွဲ့ ထိုင်၀မ်အစိုးရက အဖွဲ့တစ်ခု ဖွဲ့စည်းထားပါတယ်။
မနေ့က ဒီအဖွဲ့ရဲ့ အစည်းအ၀ေးမှာ ထိုင်၀မ်သမ္မတ Tsai Ing-wen က ဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေကို မိမိတို့က ပိုမိုသတိထား စောင့်ကြည့်သွားဖို့လိုအပ်ပြီး၊ နိုင်ငံခြားတိုင်းပြည်က သတင်းအမှားတွေကိုလည်း တိုက်ဖျက်ပစ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ သူမဟာ တရုတ်နိုင်ငံရဲ့အမည်ကို ထည့်သွင်းပြောဆိုခြင်း မရှိပါဘူး။
ထိုင်၀မ် နိုင်ငံခြားရေး၀န်ကြီး Joseph Wu ရဲ့ အခုလ အင်တာဗျူး နှစ်ခုမှာ ရုရှား-ယူကရိန်း ပဋိပက္ခကို အခွင့်ကောင်းယူပြီး တရုတ်က ထိုင်၀မ်အပေါ် ကျူးကျော်သိမ်းပိုက်လာနိုင်ခြေကို မိမိတို့ အထူးသတိထား စောင့်ကြည့်နေတယ်လို့ ဖြေကြားခဲ့ပါတယ်။
နိုင်ငံတကာဖိအားတွေကြောင့် ရုရှားဟာ ယူကရိန်းကို တိုက်ရိုက်ကျူးကျော်တာမျိုး မလုပ်ပေမယ့် ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးလုပ်နေတဲ့ ဒေသနှစ်ခုရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း တနလ်ာနေ့မှာ ကြေငြာခဲ့ပြီး၊ တပ်တွေစေလွှတ်ဖို့လည်း သမ္မတပူတင်က အမိန့်ပေးခဲ့ပါတယ်။
Ref: Reuters
Comments