ဖေဖော်ဝါရီ ၂၅၊ ၂၀၂၂
M-Media
-ရုရှားရဲ့ သဘောဆန္ဒအတိုင်း လိုက်လျောနိုင်ရေး ဆွေးနွေးဖို့အသင့်ရှိတယ်လို့ ယူကရိန်းက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
ရုရှားက ယူကရိန်းကို အင်အားပြည့် ကျူးကျော်တိုက်ခိုက်မှု နှစ်ရက်မြောက်တဲ့နေမှာ ယူကရိန်းဖက်က အခုလို သဘောထားပြောင်းတဲ့ ကြေငြာချက်မျိုး ပေါ်ထွက်လာတာပါ။
ယူကရိန်းသမ္မတ အကြံပေး Mykhailo Podolyak က ယူကရိန်းဟာ ငြိမ်းချမ်းရေးကို လိုချင်တဲ့အတွက် နေတိုးအဖွဲ့ဝင်ရေးကိစ္စအပါအဝင် ရုရှားရဲ့ သဘောဆန္ဒအတိုင်းဖြစ်ဖို့ ဆွေးနွေးလိုတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“ဖြစ်နိုင်ရင် ဆွေးနွေးမှုတွေ လုပ်လိုပါတယ်။ မော်စကိုက (နေတိုးအဖွဲ့နဲ့) မပတ်သက်တဲ့နိုင်ငံဖြစ်ရေး အပါအဝင် ကိစ္စတော်တော်များများကို ဆွေးနွေးချင်တယ်လို့ပြောတယ်။ ဒီအတွက် ကျွန်တော်တို့ မတွန့်ဆုတ်တော့ပါဘူး။ ကျွန်တော်တို့နဲ့ ဆွေးနွေးလို့ရပါတယ်။ ငြိမ်းချမ်းရေးကို လိုလားတဲ့အတွက် ဒီလိုဆွေးနွေးဖို့ အသင့်ရှိနေတာပါ”
ကြာသာပတေးနေ့ကစပြီး ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်းနဲ့ ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားတပ်တွေဟာ သောကြာနေ့မှာတော့ မြို့တော်ကိဗ်နားအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ရုရှားရဲ့ကျူးကျော်မှုကို တွန်းလှန်သွားမယ်လို့ ပြောဆိုထားတဲ့ ယူကရိန်းသမ္မတ ဇယ်လင်စကီးက နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ထိထိရောက်ရောက် ကူညီကာကွယ်ပေးဖို့ ဒီကနေ့မနက်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ယူကရိန်းဟာ နေတိုးအဖွဲ့နဲ့ ဥရောပသမဂ္ဂအဖွဲ့တို့ကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး၊ ရုရှားကတော့ ဒါဟာ သူ့ရဲ့လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ယူဆထားတာ ဖြစ်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် လွတ်လပ်ရေးရလာတဲ့ ယူကရိန်းဟာ နျူလက်နက်ကို စွန့်လွှတ်ခဲ့ပြီး အပြန်အလှန်အားဖြင့် ဥရောပနိုင်ငံတွေက ယူကရိန်းရဲ့လုံခြုံရေးကို တာဝန်ယူပေးမယ်လို့ အာမခံပေးထားတာပါ။
ဒါပေမယ့် လက်ရှိ ရုရှားရဲ့ ကျူးကျော်မှုမှာ ဘယ်ဥရောပနိုင်ငံကမှာ ထိထိရောက်ရောက် ကာကွယ်ပေးခြင်း မရှိပါဘူး
Ref: Reuters
Comments