မတ် ၄၊ ၂၀၂၂
M-Media
-ယူကရိန်းအရှေ့ပိုင်းက ဥရောပရဲ့ အကြီးဆုံး နျူဓာတ်အားပေး စက်ရုံ ‘ဇာဖိုရေးရှား’ ကို ရုရှားတပ်တွေက သိမ်းပိုက်လိုက်ပါတယ်။
ဇာဖိုရေးရှား နျူဓာတ်အားပေးစက်ရုံဟာ သောကြာနေ့က ရုရှားတပ်ဖွဲ့တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးအကြီးအကျယ်လောင်နေပြီး၊ ဥရောပမှာ နောက်ထပ် နျူအန္တရာယ်တစ်ခု ရင်ဆိုင်ရတော့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။
ယူကရိန်းသမ္မတ ဇယ်လင်စကီးက ဒီတိုက်ခိုက်မှုဟာ နျူကလီးယား အကြမ်းဖက်မှုဖြစ်တယ်လို့ ရုရှားကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ယူကရိန်းမှာ ၁၉၈၆ ခုနှစ်က ချာနိုဘိုင်း နျူဓာတ်အားပေးစက်ရုံ ပေါက်ကွဲကာ ဓာတ်ရောင်ခြည် ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး ကမ္ဘာ့အဆိုးရွားဆုံး နျူပြဿနာတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဇာဖိုရေးရှား စက်ရုံကို ရုရှားရဲ့ အခုတိုက်ခိုက်မှုဟာ ချာနိုဘိုင်း နျူစက်ရုံပြဿနာထက် ၆ ဆလောက်ကြီးမယ့် အန္တရာယ်မျိုး ဖြစ်တယ်လို့လည်း ယူကရိန်းသမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အမေရိကန်၊ နေတိုးအဖွဲ့နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ရုရှားကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
တိုက်ခိုက်မှုကြောင့် ဇာဖိုရေးရှားနျူစက်ရုံက ဓာတ်ရောင်ခြည်ယိုစိမ့်မှု မရှိသေးဘူးလို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) က ထုတ်ပြန်ထားပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ဇာဖိုရေးရှား နျူဓာတ်အားပေးစက်ရုံကို သောကြာနေ့ညပိုင်းမှာ သိမ်းပိုက်လိုက်ပြီး ယူကရိန်းအာဏာပိုင်တွေက ဒါကို အတည်ပြုခဲ့ပါတယ်။
ရုရှားဟာ စွန့်ပစ်ထားတဲ့ ချာနိုဘိုင်း နျူဓာတ်အားပေးစက်ရုံကိုလည်း သိမ်းပိုက်ထားပါတယ်။
Ref: BBC
Comments