မတ် ၆၊ ၂၀၂၂
M-Media
-ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ အာဖဂန်ပြည်သူတွေဟာ ကိုယ်တွင်းကလီစာတွေကို ရောင်းချပြီး ဝမ်းရေးကို ဖြေရှင်းနေရပါတယ်။
“သားသမီးတွေကို ပြုစုပျိုးထောင်ဖို့အတွက် ကျွန်တော် ဒီလိုလုပ်ရတာပါ။ ကျွန်တော့်မှာ တစ်ခြားရွေးစရာမရှိပါဘူး” လို့ ကျောက်ကပ်တစ်ခြမ်း ရောင်းချခဲ့တဲ့ နူရွတ်ဒင်က ပြောပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ နှစ်ပေါင်း ၂၀ ကျူးကျော်တိုက်ခိုက်မှုကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအခြေအနေ ဆိုးရွားနေတဲ့ အာဖဂန်နစ္စတန်ဟာ ပြီးခဲ့တဲ့နှစ် ၆ လပိုင်း တာလီဘန်တွေ သိမ်းပိုက်အုပ်ချုပ်ပြီးနောက်မှာတော့ ဘဏ္ဍာရေးနဲ့ စီးပွားရေးအခြေအနေ ပိုမိုဆိုးရွားမှုနဲ့ပါ ကြုံတွေ့လာရပါတယ်။
တာလီဘန် အာဏာပြန်ရလာတဲ့အတွက် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ပြန်လုပ်ခဲ့တာကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အကူအညီပေးရေး ဆောင်ရွက်မှုတွေ အားနည်းသွားပါတယ်။ ဒါ့အပြင် နိုင်ငံခြားဘဏ်တွေမှာ အပ်ထားတဲ့ အာဖဂန်နစ္စတန်ရဲ့ နိုင်ငံတော်ဘဏ္ဍာ ဒေါ်လာ ၇ ဘီလီယံကို အမေရိကန်နဲ့ မဟာမိတ်တွေက တာလီဘန်လက်ထဲကို ပြန်မထည့်သေးပါဘူး။
အာဖဂန်လူဦးရေ ၃၈ သန်းမှာ ထက်ဝက်လောက်က ဆာလောင်မွတ်သိပ်မှုနဲ့ ကြုံတွေ့နေရပြီး ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်ကို ကြုံတွေ့ရမယ့် ပမာဏက ၉ သန်းလောက် ရှိနေတယ်လို့ ကုလသမဂ္ဂ စစ်တမ်းတွေက ဖော်ပြပါတယ်။
အခက်အခဲပေါင်းစုံနဲ့ အလုပ်အကိုင် ရှားပါးလာတဲ့ အာဖဂန်ပြည်သူတွေဟာ အသက်ရှင်သန်ရပ်တည်ဖို့အတွက် ကိုယ်တွင်းအင်္ဂါတွေကို ရောင်းချရတဲ့အနေအထားမျိုးအထိ ရောက်လာပါတယ်။ နိုင်ငံအနောက်ပိုင်း ဟေရတ်မြို့မှာဆိုရင် တစ်ချို့ရပ်ကွက်ကို ‘ကျောက်ကပ်တစ်ခြမ်းရွာ’ လို့ ခေါ်ဆိုမှုတွေတောင် ရှိလာပါတယ်။
စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၃၂ နှစ်အရွယ် နူရွတ်ဒင်ဟာ တာလီဘန် အာဏာပြန်ရလာပြီးနောက်ပိုင်း လစာ ၃၀၀၀ အာဖဂန်နီ (ဒေါ်လာ ၃၀) သာ ရရှိတော့အတွက် အလုပ်ထွက်ခဲ့ပါတယ်။
တစ်ခြားပိုကောင်းတဲ့ အလုပ်တစ်ခု ရှာမယ်လို့ စဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကလီစာရောင်းရတဲ့ အနေအထားမျိုးကို ရောက်ရှိခဲ့ပါတယ်။
“နောင်တရတယ်ဗျာ။ ကျွန်တော် အလုပ်မလုပ်နိုင်တော့ဘူး။ အလေးအပင်မလို့မရတော့ဘူး။ နာတယ်”
နူရွတ်ဒင်ရဲ့ မိသားစုဟာ အခုအချိန်မှာတော့ ဖိနပ်တိုက်တဲ့အလုပ်နဲ့ တစ်ရက်ကို (ဒေါ်လာ) ပြား ၇၀ လောက်သာရတဲ့ ၁၂ နှစ်အရွယ်သားဖြစ်သူရဲ့ ဝင်ငွေနဲ့ ရပ်တည်နေရပါတယ်။
ဒေါ်လာ ၁၅၀၀ သာရတဲ့ ကျောက်ကပ်
အာဖဂန်နစ္စတန်က ကိုယ်တွင်းကလီစာ ရောင်းချတဲ့ စီးပွားရေးကို AFP သတင်းဌာနက ဖော်ထုတ်တင်ပြခဲ့တာပါ။
ကျောက်ကပ်တစ်ခြမ်းကို ဒေါ်လာ ၁၅၀၀ လောက်သာ ရတာမျိုး ရှိပြီး ပြည်သူတွေဟာ အကြွေးဆပ်ဖို့၊ မိသားစုကို ကျွေးမွေးဖို့ ဒီလမ်းကို ရွေးချယ်လာရတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး အာဖဂန်နစ္စတန်မှာ ဥပဒေ သတ်မှတ်ပြဌာန်းထာတာမျိုး မရှိပါဘူး။
“ကလီစာ လှူဒါန်းတာ၊ ရောင်းချတာနဲ့ပတ်သက်ပြီး ဥပဒေမရှိပါဘူး။ ကာယကံရှင်ရဲ့ သဘောတူမှုကိုကြည့်ပြီးပဲ လုပ်နေကြတာပါ” လို့ မြောက်ပိုင်းမြို့ မဇာရ် အီ ရှရစ်ဖ် ဆေးရုံက ခွဲစိပ်ဆရာဝန်ဟောင်း မိုဟာမက် ဝါကီလ် မာတင်က ပြောပါတယ်။
ဟေရတ်မြို့မှာ ကိုယ်တွင်းအင်္ဂါတွေ အဓိက အစားထိုးမှုလုပ်တဲ့ ဆေးရုံတစ်ခုမှာ ခွဲစိပ်ဆရာဝန်အဖြစ် ဆောင်ရွက်တဲ့ မိုဟာမက် ဘာဆီရ် အိုစမာနီကလည်း ဒီအချက်ကို အတည်ပြုပါတယ်။ ကာယကံရှင်ရဲ့ သဘောတူမှုကို ဗီဒီယိုနဲ့ မှတ်တမ်းတင်ပြီးမှာ ခွဲစိပ်မှုလုပ်တာလို့လည်း သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး AFP သတင်းဌာနရဲ့ မေးမြန်းမှုကို တာလီဘန်က ဖြေကြားခြင်း မပြုပါဘူး။ အိုစမာနီကတော့ တာလီဘန်က ဒီကိစ္စကို ထိန်းချုပ်ဖို့ လုပ်နေပြီး ကော်မတီတောင် ဖွဲ့စည်းပြီးပြီလို့ ပြောပါတယ်။
နိုင်ငံတစ်ဝှမ်းက ကျောက်ကပ်လိုအပ်တဲ့ လူချမ်းသာတွေဟာ ပွဲစားတွေကတစ်ဆင့် ဟေရတ်ကိုရောက်လာကြသလို၊ အိန္ဒိနဲ့ ပါကစ္စတန်ကလူတွေလည်း လာဝယ်နေကြတာ ဖြစ်ပါတယ်။ ကျောက်ကပ်ဖိုးနဲ့ ခွဲစိပ်စားရိတ် အားလုံးကို ဝယ်သူတွေက ကျခံပါတယ်။
“ကျွန်မကျောက်ကပ်ကို အာဖဂန်နီ ၂ သိန်းခွဲ (ဒေါ်လာ ၂၇၀၀) နဲ့ ရောင်းခဲ့ပါတယ်။ ကျွန်မမှာ ရွေးစရာမရှိပါဘူး။ ယောင်္ကျားက အလုပ်မရှိဘူး။ အကြွေးကလည်း ပတ်လည်၀ိုင်းနေပါတယ်” လို့ ကျောက်ကပ်ရောင်းချခဲ့သူ အဇီတာက ပြောပါတယ်။
အဇီတာရဲ့မိသားစုဟာ စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေရပြီး ကလေး ၃ ယောက်ဆိုရင် အဟာရချို့တဲ့မှုကြောင့် မကြာသေးခင်က ဆေးကုသမှု ခံယူခဲ့ရပါတယ်။
နေ့စားအလုပ်လုပ်တဲ့ အဇီတာရဲ့ ခင်ပွန်းကလည်း ဒီလမ်းကို ရွေးရတော့မှာပါ။
“လူတွေက ဆင်းရဲတွင်း နက်လာကြတယ်။ မျှော်လင့်ချက်မဲ့လာတာကြောင့် ကျောက်ကပ်ရောင်းကြတဲ့လူတွေလည်း များသထက်များလာပါတယ်”
ကျောက်ကပ်တစ်ခြမ်းရွာ
ဟေရတ်မြို့ဆင်ခြေဖုံးက ဆေဟန်ဘာ ဘဇားရ်ရွာဟာ စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြသူတွေ အခြေချနေထိုင်ကြတဲ့ ရွာဖြစ်ပြီး မိသားစု ၁၀၀ ကျော်လောက် ရှိပါတယ်။
ဝမ်းရေးအတွက် ကျောက်ကပ်ရောင်းချသူ များတာကြောင့် ဒီရွာဟာ ‘ကျောက်ကပ်တစ်ခြမ်းရွာ’ လို့ အမည်တွင်သွားပါတယ်။
ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ကျောက်ကပ်တစ်ခြမ်းစီ ရောင်းခဲ့ကြတဲ့ ညီအစ်ကို ၅ ဦးက ဆင်းရဲတွင်းမနက်ဖို့ လမ်းဟာ ဒီလမ်းပဲရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
“အကြွေးထဲနစ်နေပြီး၊ ဆင်းရဲတွင်းကကို မတက်နိုင်ပါဘူး” လို့ ဂူလမ်နဘီက ပြောပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေမှာတော့ ခွဲစိပ်ပြီးရင် ကျောက်ကပ်ပေးသူရော၊ ရယူသူရဲ့ ကျန်းမာရေးကို အနီးကပ်စောင့်ကြည့်ပြီး ကျန်းမာစွာ နေထိုင်သွားနိုင်ပေမယ့် အာဖဂန်နစ္စတန်လို နိုင်ငံမျိုးမှာတော့ ကျောက်ကပ်ရောင်းလိုက်တဲ့သူတွေဟာ အကြွေးသံသရာကနေ မထွက်နိုင်ဘဲ မကျန်းမမာနဲ့ဘဲ ဘ၀တွေကို အဆုံးသတ်ရပါတယ်။
ဆရာဝန်မာတင်က ကျောက်ကပ်ရောင်းလိုက်ရသူတွေထဲက တစ်ချို့တစ်လေသာ ခွဲစိပ်မှုနောက်ပိုင်း ကျန်းမာရေးစစ်ဆေးမှုကို လုပ်နိုင်တယ်လို့ ပြောပါတယ်။ ကျောက်ကပ်ရောင်းသူတွေ၊ လှူတဲ့တွေကို စာရင်းပြုစုပြီး နောက်ဆက်တွဲ ကျန်းမာရေးစစ်ဆေးမှုလုပ်ပေးတဲ့ ဆေးရုံ၊ ဆေးပေးခန်းမျိုး အာဖဂန်နစ္စတန်မှာ မရှိပါဘူး။
“ဝမ်းမ၀ ခါးမလှတော့ ကျွန်မတို့မှာ ရွေးစရာမရှိပါဘူး” လို့ ကျောက်ကပ်ရောင်းချခဲ့သူ ရှာကီလာက ပြောပါတယ်။
သူမဟာ အသက် ၁၉ နှစ်မှာတင် ကလေးနှစ်ယောက်အမေ ဖြစ်ခဲ့ပြီး တာလီဘန် မသိမ်းပိုက်ခင်လေးကမှ ဟေရတ်မြို့မှာ ပွဲစားတစ်ယောက်အကူအညီနဲ့ ကျောက်ကပ်ရောင်းခဲ့တာပါ။
ဒေါ်လာ ၁၅၀၀ သာ ရခဲ့ပြီး ဒီငွေအများစုကို မိသားစုအကြွေးဆပ်ဖို့အတွက် အသုံးပြုခဲ့ပါတယ်။
ကလေး ၃ ယောက်အမေ အဇီဇာကတော့ ဆေးရုံဝန်ထမ်းတစ်ဦးရဲ့ အကူအညီနဲ့ ကျောက်ကပ်ရောင်းဖို့ စောင့်နေပါတယ်။
“ကလေးတွေက လမ်းတွေမှာ လျှောက်တောင်းနေရပြီ။ ကျောက်ကပ်သာမရောင်းရင် တစ်နှစ်အရွယ် သမီးကိုရောင်းရတော့မယ့် ဘ၀ပါ”
Ref: AFP
Comments