မတ် ၁၁၊ ၂၀၂၂
M-Media
-ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုဟာ ကမ္ဘာ့စားနပ်ရိက္ခာကဏ္ဍကို ရိုက်ခတ်လာနိုင်ပြီး အထူးသဖြင့် အာရှပစိဖိတ်ဒေသက စားနပ်ရိက္ခာဖူလှုံမှုကို ထိခိုက်လိမ့်မယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။
ကမ္ဘာ့ ဂျုံနဲ့ ဘာလီတင်ပို့မှုရဲ့ သုံးပုံတစ်ပုံဟာ ရုရှားနဲ့ ယူကရိန်းတို့က လာတာဖြစ်ပြီး ယူကရိန်းဟာ ပြောင်းဖူးအဓိကတင်ပို့တဲ့ နိုင်ငံတွေထဲမှာ ပါ၀င်ပါတယ်။
ဟင်းချက်ဆီအဖြစ် အသုံးပြုတဲ့ နေကြာဆီတင်ပို့မှုမှာတော့ ယူကရိန်းဟာ ကမ္ဘာ့ နံပါတ်တစ်ပါ။ ယူကရိန်းနဲ့ ရုရှားတို့ဟာ မြေသြဇာနဲ့ စွမ်းအင်တင်ပို့တဲ့ အဓိကနိုင်ငံတွေလည်း ဖြစ်ပါတယ်။
အခုစစ်ပွဲနဲ့ နောက်ဆက်တွဲ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ဂျုံ၊ ဘာလီ၊ ပြောင်းနဲ့ နေကြာဆီတင်ပို့မှုတွေ ကျဆင်းကာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအထိ စျေးတက်မယ့်အနေအထားကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလှုံရေးအဖွဲ့ အကြီးအကဲ ဂါဘရီယဲလ် ဖာရဲရိုး လိုမာ-အိုဆိုရီယိုက ကိုဗစ်ကပ်ရောဂါ မဖြစ်ခင်ကတည်းက ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာရှားပါးမှု ပြဿနာ ဖြစ်ပွားနေတာဖြစ်ပြီး၊ ရုရှားရဲ့ ကျူးကျော်မှုကြောင့် စားနပ်ရိက္ခာ ရရှိမှုနဲ့ စျေးနှုန်းအပေါ် အကြီးအကျယ် ရိုက်ခတ်မှု ရှိလာနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။
အစားအသောက်တွေမှာ ပြည်ပတင်သွင်းမှုကို မှီခိုနေရတဲ့ နိုင်ငံတွေအနေနဲ့ စားနပ်ရိက္ခာ ဖူလှုံရေးကို သတိထားကိုင်တွယ်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုနောက်ပိုင်း ကမ္ဘာ့စျေးကွက်မှာ ဂျုံပြတ်လတ်တာမျိုး မရှိသေးပေမယ့် စျေးကတော့ ၂ ဆကျော်လောက် မြင့်တက်လာပါတယ်။
ကမ္ဘာတစ်၀ှမ်း စားနပ်ရိက္ခာ လုံလုံလောက်လောက် မရသူအရေအတွက်ဟာ ကိုဗစ်မတိုင်က အရေအတွက်ထက် ၁၆၁ သန်း ပိုများလာပြီး ၈၂၁ သန်းအထိ ရောက်လာပါတယ်။
ကုလ စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့ FAO အကြီးအကဲ ချွီဒန်ယွီက အာရှပစိဖိတ်ဒေသအတွင်း စားနပ်ရိက္ခာဖူလှုံရေးမှာ နှစ်နဲ့ချီ ရရှိထားတဲ့ တိုးတက်မှုတွေ နောက်ပြန်ဆုတ်သွားပြီး ရှားပါးမှုအနေအထား ပိုမိုမြင့်တက်လာမယ်လို့ သတိပေးခဲ့ပါတယ်။
Ref: AP
Comments