မတ် ၁၇၊ ၂၀၂၂
M-Media
-ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမီပူတင်ကို စစ်ရာဇ၀တ်ကောင်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ခေါ်၀ေါ်သမုတ်လိုက်ပါတယ်။
ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှု စတုတ္တပတ်ထဲကို ၀င်လာတဲ့အချိန် ကမ္ဘာခေါင်းဆောင်တစ်ဦးက ပူတင်ကို အပြင်းထန်ဆုံး ၀ေဖန်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
မနေ့က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒန်က ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာသန်း ၈၀၀ ဖိုး ထပ်ပေးမှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။
၃ ပတ်အတွင်း ယူကရိန်းကို အမေရိကန်ကပေးတဲ့ စစ်ရေးအကူအညီဟာ အနည်းဆုံး ဒေါ်လာ ၁.၄ ဘီလီယံဖိုးရှိလာပြီး ဒါဟာ သမိုင်းတစ်လျှောက် နိုင်ငံတစ်နိုင်ငံကို အမေရိကန်က အချိန်တိုတိုအတွင်း စစ်ဖက်ဆိုင်ရာ ထောက်ပံ့မှုမှာ အများဆုံး ဖြစ်ပါတယ်။
သတင်းထောက်တွေက သမ္မတပူတင်ကို စစ်ရာဇ၀တ်ကောင်လို့ သတ်မှတ်လားဆိုတဲ့ မေးခွန်းကို ကန်သမ္မတက မဖြေဘဲ လှည့်ထွက်သွားပြီးမှ ပြန်လာကာ စစ်ရာဇ၀တ်ကောင်လို့ ထင်ကြောင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က သမ္မတဘိုင်ဒန်ရဲ့ ဒီမှတ်ချက်ဟာ လက်မခံနိုင်စရာ၊ ခွင့်မလွှတ်နိုင်စရာ ပြောဆိုမှုဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
Ref: Reuters
Comments