မတ် ၃၀၊ ၂၀၂၂
M-Media
-ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်နဲ့ မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ အာဏာရှင်ချင်းတူပေမယ့် မြန်မာစစ်ခေါင်းဆောင်က ပိုပြီး သဘောထား သေးသိမ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
အခုနှစ် အာဆီယံဥက္ကဌအဖြစ် တာ၀န်ထမ်းဆောင်မယ့် ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်ဟာ အာဏာရှင်ချင်းတူတာကြောင့် မြန်မာစစ်ခေါင်းဆောင်နဲ့ ညှိနှိုင်းနိုင်မယ်လို့ ထင်ထားပေမယ့် လက်တွေ့မှာ မအောင်မြင်ပါဘူး။
နှစ်ယောက်စလုံးဟာ စစ်တပ်နောက်ခံနဲ့ အာဏာရလာသူတွေပါ။ ၀န်ကြီးချုပ် ဟွန်ဆန်ဟာ ခမာနီလို့ကျော်ကြားတဲ့ တပ်ဖွဲ့ကနေ လာသူဖြစ်ပြီး၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မြန်မာစစ်တပ်ကနေ တက်လာသူ ဖြစ်ပါတယ်။
ခမာနီတပ်ဖွဲ့ရော၊ မြန်မာစစ်တပ်ပါ ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ အဖွဲ့တွေဖြစ်ပြီး အာဏာသိမ်းတာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ နိုင်ငံရေး သဘောထားကွဲသူတွေကို အလုံးအရင်းနဲ့ ဖမ်းဆီးနှိပ်စက်တာ၊ လူ့အဖွဲ့အစည်းကို ဒုက္ခရောက်အောင်လုပ်တာ၊ စာနယ်ဇင်းလွတ်လပ်မှု ပိတ်ပင်တာ စတဲ့ ကျူးလွန်မှုတွေလည်း တူပါတယ်။
ဒါပေမယ့် ဟွန်ဆန်က လက်တွေ့ကျပြီး၊ နိုင်ငံရေးနောကျေကာ၊ မြန်မာစစ်ခေါင်းကတော့ ခေါင်းမာပြီး အခြေအနေအမှန်ကို နားမလည်ဘဲ၊ ကိုယ့်အတွက် အမြတ်ထွက်မယ့် ကိစ္စတွေမှာတောင် အလျှော့ပေးဖို့ စိတ်ဆန္ဒမရှိဘူးလို့ နိုင်ငံရေး ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
“ဟွန်ဆန်ဟာ နိုင်ငံရေးအယူအဆတစ်ခုကို ဆုပ်ကိုင်ထားတာမျိုး မရှိဘဲ၊ ကိုယ်သက်ဆိုးရှည်ရေး၊ အထွတ်အထိပ်ရောက်ရေးသာ ကြိုးပမ်းကာ အချိန်အကြာကြီး အာဏာရယူထားသူပါ။ လက်တွေ့ ကျကျ ချိန်ဆလုပ်ဆောင်တာ၊ လိုအပ်လာတဲ့အခါမျိုးမှာ ဗျူဟာမြောက် အလျော့ပေးတာလို စွမ်းရည်မျိုးကိုတော့ သူ့ဆီမှာ အခါမလပ် တွေ့ရပါတယ်” လို့ Hun Sen’s Cambodia စာအုပ်ကို ရေးသားသူ ဆီဘက်စတီယန် စထရန်ဂီယိုက ပြောပါတယ်။
ဟွန်ဆန်ဟာ အာဏာဆုပ်ကိုင်ထားတာ ၃၇ နှစ် ကြာပြီဖြစ်ပြီး ကမ္ဘာ့သက်တမ်းအရှည်ဆုံး ၀န်ကြီးချုပ်၊ နိုင်ငံအကြီးအကဲအဖြစ် မှတ်တမ်း၀င်ပါတယ်။
နိုင်ငံတကာ ဖိအားတွေ လျော့ဖို့အတွက် ဟွန်ဆန်ဟာ အလျော့ပေးတာ၊ ကတိပေးတာမျိုးတွေ လုပ်ဆောင်သလို၊ အာဏာလက်မလွှတ်ရဘဲ အကျိုးအမြတ်ရနိုင်ဖို့ အနောက်နိုင်ငံတွေအကြိုက် လိုက်ပေးတာမျိုး လုပ်တတ်တယ်လို့ စထရန်ဂီယိုက ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေကတော့ တို့တာ၀န်အရေးသုံးပါးဆိုတဲ့ အထိုင်ပေါ်မှာ ရပ်တည်ပြီး၊ အရင်က အင်္ဂလိပ်ရဲ့ ကျူးကျော်မှုခံထားရဖူးတယ်၊ ဘေးနားမှာလည်း အင်အားကြီးတဲ့ တရုတ်နဲ့ အိန္ဒိယလို နိုင်ငံမျိုး ရှိနေတာကြောင့် တိုင်းပြည်ကမလုံခြုံဘူး၊ ငါတို့ရှိမှရမယ်ဆိုတဲ့ အတွေးအခေါ်မျိုး ကြီးစိုးနေတယ်လို့ သြစတေးလျ Griffith Asia Institute အဖွဲ့က ပရော်ဖက်ဆာ အန်ဒရူး ဆက်သ်က ပြောပါတယ်။
“ဒီလို နားလည်ရခက်တဲ့ မူ၀ါဒကနေ ထင်ထင်ရှားရှား ပေါ်ထွက်လာတဲ့ အရာတစ်ခုကတော့ စစ်ခေါင်းဆောင်တွေဟာ ဘယ်သူ့ကိုမှ မယုံဘူးဆိုတဲ့ အချက်ပါ။ မိတ်ဆွေဖြစ်ဖြစ်၊ ရန်သူဖြစ်ဖြစ် လူတိုင်းအပေါ်မှာ သူတို့က သံသယမျက်စိနဲ့ ကြည့်ပါတယ်”
မြန်မာဗိုလ်ချုပ်တွေဟာ ဟွန်ဆန်နဲ့ယှဥ်ရင် ပိုမို သဘောထားသေးသိမ်ပြီး၊ နိုင်ငံကာအသိုင်းအ၀ိုင်းရဲ့ ဖယ်ကျဥ်မှု၊ စီးပွားရေးပိတ်ဆို့မှုဒဏ်တွေကို ရင်ဆိုင်ကာ တိုင်းပြည်ရဲ့စီးပွားရေး ဘာပဲဖြစ်ဖြစ်၊ ပြည်သူလူထု ဘယ်ဘ၀ပဲရောက်ရောက် ဂရုမစိုက်တတ်ဘူးလို့ စထရန်ဂီယိုက သုံးသပ်ပါတယ်။
၀န်ကြီးချုပ်ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့ သဘောထားကွဲပြားတာကို မြန်မာနိုင်ငံက နိုင်ငံရေးသုံးသပ်သူ ကိုခင်ဇော်၀င်းကလည်း သဘောတူပါတယ်။
“ဟွန်ဆန်နဲ့ မင်းအောင်လှိုင်တို့ဟာ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အာဏာစွဲကိုင်ထားဖို့ ရည်ရွယ်ချက်ရှိပုံချင်း တူကြတယ်လို့ ထင်ကောင်းထင်ကြမယ်။ ဒါပေမယ့် မတူတာတွေရှိပါတယ်”
ဟွန်ဆန်ဟာ ခေတ်ရှေ့ပိုပြေးသူတစ်ယောက်ဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကတော့ ထင်ရာစိုင်းလူသတ်နေတဲ့ လူရမ်းကားတွေသာဖြစ်တယ်လို့ ကိုခင်ဇော်၀င်းက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ပုံမှန်အဖွဲ့အစည်းတစ်ခုသာ ဖြစ်တယ်ဆိုတဲ့ ကမ္ဘာကြီးရဲ့အမြင် မှားယွင်းတယ်လို့လည်း သူက ဆိုပါတယ်။
“ဒီလူတွေဟာ နိုင်ငံတကာ စံနှုန်းတွေကို ဂရုစိုက်ကြသူတွေ မဟုတ်ပါဘူး”
ပရော်ဖက်ဆာ အန်ဒရူး ဆက်သ်က မြန်မာဗိုလ်ချုပ်တွေရဲ့ စိတ်ဓာတ်ဟာ အများနဲ့မတူ တစ်မူထူးခြားကာ ခေါင်းမာ ပေတေတဲ့စိတ်ဓာတ်မျိုးဖြစ်ကြောင်း၊ သူတို့စိတ်ဓာတ်ကို နားလည်ရခက်တဲ့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖိအားပေးဖို့ခက်ကြောင်း သုံးသပ်ပါတယ်။
Ref: Aljazeera
Comments