ဧပြီ ၅၊ ၂၀၂၂
M-Media
– ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုမှာ ရုရှားတပ်တွေဟာ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အများအပြား ကျူးလွန်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက် ထွက်လာပါတယ်။
အထူးသဖြင့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားတပ်တွေ ဆုတ်ခွာသွားတဲ့ မြို့တော်ကိဗ် ဆင်ခြေဖုံးက ဘူချာဒေသမှာ ဖြစ်ပါတယ်။
ယူကရိန်းတပ်တွေ ဘူချာဒေသကို ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် လမ်းတွေ၊ လူနေအိမ်တွေမှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် အသတ်ခံထားရတဲ့ အလောင်းတွေ ၃ ပတ်လောက် ဒီအတိုင်းရှိနေတဲ့ ဓာတ်ပုံတွေ အများအပြား ပေါ်ထွက်လာပါတယ်။
အနည်းဆုံး အရပ်သား ၃၀၀ လောက် ဘူချာမှာ အသတ်ခံလိုက်ရတာပါ။ ဘူချာမြို့က ကလေးဆေးရုံကို စစ်ကြောရေးစခန်းအဖြစ် ရုရှားတပ်တွေက အသုံးပြုခဲ့ပြီး လက်ပြန်ကြိုးတုတ် အသတ်ခံထားရတဲ့ အမျိုးသား ၅ ဦး အလောင်း တွေ့ရှိတာကိုလည်း ယူကရိန်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ကိဗ်ဒေသမှာ ရုရှားတပ်တွေက ကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ စစ်ရာဇ၀တ်မှု ၇၀၀၀ လောက်ကို စာရင်းသွင်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြောင်း ယူကရိန်းရှေ့နေချုပ်က ထုတ်ပြန်ပါတယ်။
ဘူချာမြို့မှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ သတင်းတွေကို အလျင်အမြန် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပြီး ကမ္ဘာ့ကြက်ခြေနီအဖွဲ့က စုံစမ်းစစ်ဆေးမှုမှာ ကူညီပေးနေပါတယ်။
နိုင်ငံအရှေ့တောင်ပိုင်း မာရီယိုပိုးမြို့မှာ ရုရှားဟာ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေကို ဖုံးကွယ်ဖို့ ဆောင်ရွက်နေတယ်လို့ ယူကရိန်း၀န်ကြီးချုပ် ဇယ်လင်စကီးက ပြောပါတယ်။
မာရီယိုပိုးကို ရုရှားတပ်တွေ ၀ိုင်းထားတာ သီတင်းပတ်ချီ ကြာနေပြီဖြစ်ပြီး မြို့ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကလည်း ပျက်ဆီးနေပြီ ဖြစ်ပါတယ်။
ရုရှားကတော့ စွပ်စွဲမှုတွေဟာ ယူကရိန်ဖက်က လုပ်ကြံဖန်တီးထားမှုတွေသာဖြစ်တယ်လို့ တုန့်ပြန်ပြောကြားထားပါတယ်။
Ref: Reuters
Comments