ဧပြီ ၁၂၊ ၂၀၂၂
M-Media
-အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်မှာ ပေ ၆၀ ရှည်တဲ့ သံတံတားတစ်ခု ပြီးခဲ့တဲ့တစ်ပတ်က ဖြုတ်ခိုးခံလိုက်ရပါတယ်။
ဆာဆာရမ်မြို့နားက ချောင်းတစ်ခုကို ဖြတ်ဆောက်ထားတဲ့ တံတားဟောင်း ဖြုတ်ခိုးခံရမှုကို အစိုးရ ဆည်မြောင်းဌာနမှာ အချိန်ပိုင်း အလုပ်လုပ်တဲ့ အာရ်ဗင် ကူးမားဆိုသူက ဦးဆောင်တာပါ။
ကူးမားတို့အဖွဲ့ဟာ သံဖြတ်စက်တွေ၊ မြေတူးစက်တွေနဲ့ ၃ ရက်တိုင်တိုင် မနက် ၇ နာရီကနေ ညနေအထိ ထင်ထင်ပေါ်ပေါ်ပဲ တံတားကို တစ်စစီ ဖြုတ်ယူသွားတာ ဖြစ်ပါတယ်။
ပေ ၆၀ ရှည်ပြီး ၁၂ ပေမြင့်တဲ့ အဲဒီသံတံတားကို ၁၉၇၆ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး၊ အနားမှာ ကွန်ကရစ်တံတားသစ် ဆောက်ပြီးတဲ့ ၂၀၀၀ ပြည့်နှစ်တွေကတည်းက အသုံးပြုမှု ရပ်ဆိုင်းခဲ့ပါတယ်။
တံတားဟောင်းဟာ ပြည်သူတွေအတွက် အန္တရာယ်ရှိတာကြောင့် ဖယ်ရှားပေးဖို့ ဒေသခံတွေက အစိုးရကို စာပို့ မေတ္တာရပ်ခံထားပြီး ကူးမားတို့အဖွဲ့ ခိုးယူတာကို အစိုးရက ဖယ်ရှားပေးတာလို့သာ ဒေသခံတွေက ထင်မြင်နေကြတာ ဖြစ်ပါတယ်။
“ခိုးသွားတယ်လို့ ဘယ်သူမှ မထင်ကြဘူး။ မနက်ဆို ကျွန်တော် နေ့တိုင်း လမ်းလျှောက်တယ်။ ပြီးခဲ့တဲ့တစ်ပတ်တုန်းက သူတို့အဖွဲ့ တံတားဖြုတ်နေတာကို တွေ့တယ်။ ရွာကလူတွေအားလုံးလည်း သူတို့ကို တွေ့ပါတယ်” လို့ တံတားနဲ့ မီတာ ၂၀၀ အကွာမှာနေတဲ့ ဒေသခံသတင်းထောက် ဂျီတန်ဒရာဆင်းက ပြောပါတယ်။
တံတားဖယ်ရှားရေး အစိုးရက တင်ဒါခေါ် ဆောင်ရွက်ရတာဖြစ်ပြီး၊ ဒီလုပ်ငန်းစဥ်အတိုင်း မလုပ်တာကို ဒေသခံတွေက မေးမြန်းရာကနေတစ်ဆင့် တံတားခိုးမှု ပေါ်ပေါက်ခဲ့တာပါ။
တံတားကို ဖြုတ်ယူပြီး သံတိုသံစ၀ယ်တဲ့ဆိုင်မှာ သွားရောင်းခဲ့တဲ့ ကူးမားနဲ့ အပေါင်းအပါ ၈ ဦးကို ဘီဟာရ် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
အိန္ဒိယနိုင်ငံတစ်၀ှမ်းမှာ သံထည်ပစ္စည်းခိုးယူခံရမှုတွေဟာ ပုံမှန်လို ဖြစ်ပွားနေပြီး သံပိုက်တွေ၊ မြောင်းအဖုံး၊ ရထားအိမ်သာက သံခွက်တွေပါ အခိုးခံရလေ့ရှိပါတယ်။
Ref: BBC
Comments