ဧပြီ ၁၅၊ ၂၀၂၂
M-Media
– စစ်ကိုင်းတိုင်းဒေသကြီးက ရွာပေါင်း ၁၀၀ ကျော်လောက်ကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ ဓာတ်ပုံအထောက်အထားတွေ ထွက်ပေါ်လာပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်ကောင်စီဟာ အကြမ်းဖက်ကမ်ပိန်း ဆင်နွှဲနေတယ်လို့ ရှုတ်ချပြောကြားလိုက်ပါတယ်။
စစ်တပ်ရဲ့ ကျူးလွန်မှု အချက်အလက်တွေကို စုဆောင်းနေတဲ့ Data For Myanmar အဖွဲ့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စပြီး စစ်တပ်နဲ့ သူတို့ကို ထောက်ခံတဲ့ အဖွဲ့အစည်းတွေဟာ စစ်ကိုင်းတိုင်းဒေသကြီးက ရွာတွေကို နေ့စဥ်နီးပါး မီးရှို့ခဲ့တယ်ဆိုတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အမေရိကန် အာကာသအေဂျင်စီ နာဆာနဲ့ ဂြိုဟ်တုဓာတ်ပုံ ရိုက်ကူးရေး ကုမ္ပဏီ Planet Labs တို့က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကိုင်းဒေသကြီးက ဒေသတွေကို ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဓာတ်ပုံတွေမှာ စစ်တပ်က တိုက်ခိုက်မှုတွေ လုပ်တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြတဲ့ ဒေသတွေမှာ ရွာလုံးကျွတ် မီးရှို့ခံထားရတဲ့ အထောက်အထားတွေ တွေ့ခဲ့ရပါတယ်။
“ဒါဟာ အကြမ်းဖက်မှု ကမ်ပိန်းပါ။ လက်နက်ကိုင်ပြီး ပြန်တော်လှန်သူတွေကို ပံ့ပိုးကူညီတယ်လို့ စစ်ကောင်စီက ယူဆတဲ့ ရွာတွေ၊ ဒေသတွေမှာ နေထိုင်တဲ့သူတွေကို ရန်သူလို့ သတ်မှတ်လိုက်တာပါပဲ” လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ပြောပါတယ်။
စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ခံရသူတွေ၊ ကျူးလွန်မှုကို မျက်မြင်ကြုံတွေ့ရသူတွေရဲ့ ပြောကြားချက်တွေကို နားထောင်ခဲ့တယ်လို့လည်း အန်ဒရူးက ဆိုပါတယ်။
ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုဟာ မြန်မာစစ်တပ်က တိုင်းရင်းသားဒေသတွေမှာ အမြဲလိုလို အသုံးပြုနေတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဗမာလူမျိုးအများစု နေထိုင်တဲ့ ဒေသတွေမှာပါ တွေ့မြင်လာရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့ဟာ လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့နေရာတွေဖြစ်ပြီး မြန်မာစစ်တပ်က နည်းပေါင်းစုံနဲ့ နှိမ်နင်းနေတာဖြစ်ပါတယ်။
Ref: Reuters
Comments