မေ ၂၆၊ ၂၀၂၂
M-Media
-သံတမန်ဆက်ဆံရေးမှာ တူရကီနဲ့ စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့ပြီလို့ အစ္စရေးနိုင်ငံခြားရေး၀န်ကြီး ယာအီရန် လာပစ်က ပြောပါတယ်။
လာပစ်နဲ့ တူရကီနိုင်ငံခြားရေး၀န်ကြီး မဗ်လု ကာဗူဆိုဂလူတို့ မနေ့က ဂျေရုစလင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
စီးပွားရေးနဲ့ အရပ်ဖက်ဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြပြီ၊ ကပ်ရောဂါနဲ့ နိုင်ငံရေး တင်းမာမှုတွေ ရှိနေတဲ့အချိန်မျိုးမှာတောင်မှ ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့်အထိ အကျိုးကျေးဇူးတွေ ရရှိအောင် ဆောင်ရွက်သွားကြမယ်လို့ အစ္စရေးနိုင်ငံခြားရေး၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အစ္စရေးနဲ့ တူရကီတို့အကြား ဆက်ဆံရေးဟာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွေကတည်းက ဆိုးရွားလာခဲ့တာပါ။ ပါလက်စတိုင်း ပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုနဲ့ပတ်သက်ပြီး တူရကီက ၀ေဖန်ပြောဆိုမှုတွေ လုပ်သလို၊ အစ္စရေးဖက်ကလည်း ပြန်လည် တုန့်ပြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဆက်ဆံရေးပိုကောင်းအောင် နှစ်နိုင်ငံစလုံးက ကြိုးစားလာကြပါတယ်။
တူရကီနိုင်ငံခြားရေး၀န်ကြီးရဲ့ ဂျေရုစလင် ၂ ရက်တာခရီးစဥ်မှာ အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းကို သွားရောက်ခဲ့ပြီး ၁၅ နှစ်အတွင်း နိုင်ငံခြားရေး၀န်ကြီးတစ်ဦး ပထမဆုံး လည်ပတ်မှုပါ။
ကာဗူဆိုဂလူက အစ္စရေးနဲ့ နယ်ပယ်တော်တော်များများမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြပြီး၊ ဒီလို ပုံမှန်ဆက်ဆံရေးတည်ဆောက်မှုဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတွေအကြား ငြိမ်းချမ်းရေးရဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
Ref: Aljazeera
Comments