ဇွန် ၂၃၊ ၂၀၂၂
M-Media
– အာဏာသိမ်းစစ်ကောင်စီရဲ့ ကာကွယ်ရေး၀န်ကြီးအဖြစ် တာ၀န်ယူထားတဲ့ ဗိုလ်ချုပ်မြထွန်းဦးဟာ မနေ့ကပြုလုပ်တဲ့ အာဆီယံ ကာကွယ်ရေး၀န်ကြီးများ အစည်းအ၀ေးကို တက်ရောက်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေကို ထိပ်သီးအစည်းအ၀ေးတွေမှာ တက်ရောက်ခွင့်မပေးရေးမူကို အာဆီယံက ကျင့်သုံးလာတာပါ။
ဒါပေမယ့် ဗိုလ်ချုပ်မြထွန်းဦးဟာ အာဆီယံအစည်းအ၀ေးကို တက်ရောက်ခွင့်ရတဲ့ အဆင့်အမြင့်ဆုံး စစ်ကောင်စီကိုယ်စားလှယ် ဖြစ်လာပါတယ်။
စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က အာဆီယံ ကာကွယ်ရေး၀န်ကြီးများ အစည်းအ၀ေးမှာ စစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပေးဖို့ တောင်းဆိုခဲ့ပေမယ့် အာဆီယံဥက္ကဌ ကမ္ဘောဒီယားက တက်ရောက်ဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
မလေးရှား ကာကွယ်ရေး၀န်ကြီးက စစ်ကောင်စီကိုယ်စားလှယ် အစည်းအ၀ေးမှာ ပါ၀င်ပေမယ့် မလေးရှားဟာ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရား၀င်အစိုးအရအဖြစ် အသိအမှတ်မပြုဘူးလို့ ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယား ကာကွယ်ရေး၀န်ကြီး တီဘန်က မြန်မာကိုယ်စားလှယ် အစည်းအ၀ေးမှာ ပါ၀င်တာဟာ အာဆီယံရဲ့ စည်းလုံးမှုကို ပြသတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
“ဒီလိုပါ၀င်မှုဟာ အဖြေရှာဖို့ဖြစ်ပါတယ်။ စွပ်စွဲပြောဆိုမှုတွေကို ကျွန်တော်တို့ လိုက်ပြီး မဖြေရှင်းနိုင်ပါဘူး”
အာဆီယံကာကွယ်ရေး၀န်ကြီးများအစည်းအ၀ေးရဲ့ ကနဦး ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းကာ ပုံမှန်အခြေအနေ ပြန်ရောက်ရေး အာဆီယံ အထူးကိုယ်စားလှယ်ကနေတစ်ဆင့် ဆောင်ရွက်မယ့်ကိစ္စကို ထောက်ခံတယ်လို့ ဖော်ပြထားပါတယ်။ ဆွေးနွေးမှု အသေးစိတ်အချက်အလက်တွေကို မထုတ်ပြန်သေးပါဘူး။
ဗိုလ်ချုပ်မြထွန်းဦးကို ဒီလို တက်ရောက်ခွင့်ပေးတာဟာ စစ်ကောင်စီကို အသိအမှတ်ပြုလိုက်တဲ့ သဘောမျိုး သက်ရောက်သလို၊ မြန်မာစစ်တပ်ရဲ့ စစ်ရာဇ၀တ်မှုတွေမှာ ပတ်သက်ကူညီတာမျိုး ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြ ၀ေဖန်ခဲ့ပါတယ်။
Ref: Reuters
Comments