ဇူလိုင် ၆၊ ၂၀၂၂
M-Media
-မူးယစ်ဆေးတင်သွင်းရေး ရည်ရွယ်တည်ဆောက်ထားတဲ့ ရေအောက် ဒရုန်းသင်္ဘောတွေကို စပိန်အာဏာပိုင်တွေက ပြီးခဲ့တဲ့တစ်ပတ်မှာ ဖမ်းဆီးလိုက်ပါတယ်။
မူးယစ်ဂိုဏ်းတွေ ရေအောက်ဒရုန်းသုံးဖို့ ကြိုးစားမှုကို စပိန်မှာ ပထမဆုံး တွေ့ရှိရတာပါ။
၁၄ လကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ဒရုန်းသင်္ဘော ၃ စီးနဲ့အတူ လူ ၈ ဦးကို မြို့ ၃ မြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဒရုန်းသင်္ဘောတွေဟာ မူးယစ်ဆေး ၂၀၀ ကီလိုဂရမ် သယ်ဆောင်နိုင်ပြီး မော်ရိုကိုဖက်ကနေ ဂျီဘရော်တာရေလက်ကြားကို ဖြတ်ကာ စပိန်အထိပို့ဆောင်ဖို့ ရည်ရွယ် တည်ဆောက်ထားတာလို့ စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ရေအာက်ဒရုန်း ၃ စီးမှာ တစ်စီးက လုံး၀ တည်ဆောက်ပြီးသွားပြီး နောက်ထပ်နှစ်စီးက တည်ဆောက်ဆဲအနေအထားမှာ ရှိနေပါတယ်။ ပြင်သစ်က မူးယစ်ဂိုဏ်းတွေပါ ဒီဒရုန်းတွေသုံးဖို့ ရည်ရွယ်ထားတာပါ။
GPS လမ်းပြစနစ်ပါ၀င်တဲ့အတွက် ဒီသင်္ဘောတွေကို ကမ္ဘာရဲ့ ဘယ်နေရာကမဆို အင်တာနက်ရှိရုံနဲ့ ထိန်းသိမ်းမောင်းနှင်နိုင်ပါတယ်။
ဖမ်းဆီးရမိတဲ့ လူတွေဟာ မူးယစ်မှောင်ခိုလုပ်နိုင်ရေး ကုန်း၊ ရေ၊ လေ အဆင့်မြင့် သယ်ယူပို့ဆိုင်ရေးယာဥ်တွေ တည်ဆောက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပြီး အီလက်ထရောနစ်နဲ့ နည်းပညာပိုင်းဆိုင်ရာ ပညာရှင်တွေ ပါ၀င်တယ်လို့ စပိန်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒရုန်းသင်္ဘောတွေအပြင် အခြား ယာဥ်မျိုးစုံ ၁၄ စီး၊ မူးယစ်ဆေး၀ါးနဲ့ ငွေစက္ကူအများအပြားကိုလည်း စပိန်ရဲတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ပါတယ်။
Ref: BBC
Comments