ဇူလိုင် ၁၁၊ ၂၀၂၂
M-Media
-မြန်မာ အာဏာသိမ်းစစ်ကောင်စီကို ဖိအားပိုပေးဖို့အတွက် တရုတ်နဲ့ အာဆီယံကို အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က တိုက်တွန်းလိုက်ပါတယ်။
ဘလင်ကန်ဟာ အာရှခရီးစဥ်အဖြစ် မနေ့က ထိုင်းနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
“အရင်ကရှိခဲ့တဲ့ လမ်းကြောင်းပေါ် မြန်မာနိုင်ငံ ပြန်ရောက်ရေးဟာ တရုတ်ရဲ့ တာ၀န်ဖြစ်သလို၊ တရုတ်ရဲ့အကျိုးစီးပွားလည်း ဖြစ်ပါတယ်”
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သဘောတူခဲ့တဲ့ အာဆီယံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေး တွန်းအားပေးဖို့ အာဆီယံကို ဘလင်ကန်က တိုက်တွန်းခဲ့ပါတယ်။
“အာဆီယံမှာ သဘောတူထားတဲ့ ကိစ္စကို စစ်ကောင်စီက လိုက်နာဆောင်ရွက်ဖို့အတွက် ဒေသတွင်းနိုင်ငံတွေက ပံ့ပိုးကူညီဖို့ အရေးကြီးပါတယ်။ ဒါမျိုး မတွေ့ရပါဘူး”
စစ်ကောင်စီက အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ အကျဥ်းသားတွေ ပြန်လွှတ်ပေးရေး ဆောင်ရွက်ဖို့ အာဆီယံမှာ တာ၀န်ရှိတယ်လို့လည်း ဘလင်ကန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“စစ်ကောင်စီဖက်က အပြုသဘောဆောင်တဲ့ ဘာလှုပ်ရှားမှုမှ မတွေ့ရပါဘူး”
ထိုင်းနိုင်ငံဟာ အာရှမှာ အမေရိကန်ရဲ့ သက်တမ်းအရှည်ကြာဆုံး မဟာမိတ်နိုင်ငံဖြစ်ပြီး အခုခရီးစဥ်မှာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းစေမယ့် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
Ref: Reuters
Comments