ဇူလိုင် ၁၃၊ ၂၀၂၂
M-Media
-ပြည်သူတွေ ဆန္ဒပြမှုကြောင့် နိုင်ငံအတွင်း ရှောင်တိမ်းနေရတဲ့ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာဟာ တိုင်းပြည်ကနေ ထွက်ပြေးသွားပြီလို့ သီရိလင်္ကာ လေတပ်က အတည်ပြုပါတယ်။
ဇနီးသည်၊ လုံခြုံရေးတာ၀န်ရှိသူ နှစ်ဦးတို့နဲ့အတူ မော်လ်ဒိုက်နိုင်ငံကို စစ်တပ်လေယာဥ်နဲ့ ထွက်ပြေးသွားတာဖြစ်ပါတယ်။
တိုင်းပြည် စီးပွားပျက်ကပ်ကို မဖြေရှင်းနိုင်တဲ့ အစိုးရ နှုတ်ထွက်ပေးရေးအတွက် ပြည်သူတွေက ပြီးခဲ့တဲ့လတွေအတွင်း အကြီးအကျယ် ဆန္ဒပြခဲ့ကြတာပါ။ ပြီးခဲ့တဲ့တစ်ပတ်မှာတော့ ပြည်သူတွေဟာ သမ္မတနဲ့ ၀န်ကြီးချုပ်အိမ်ကို စီးနင်းခဲ့ကြပါတယ်။
ဂိုတာဘာယာနဲ့ သူ့ညီ၀န်ကြီးချုပ်ဟောင်း မာဟင်ဒါတို့ဟာ အိမ်တော်ကနေ ထွက်ပြေးကာ ရေတပ်မှာ ပုန်းနေကြတာပါ။ ဇူလိုင်လ ၁၃ ရက်နေ့ ရာထူးကဆင်းပေးမယ်လို့ ကတိပေးထားတဲ့ ဂိုတာဘာယာဟာ အဲဒီနေ့မှာပဲ တိုင်းပြည်ကနေ ထွက်ပြေးသွားတာဖြစ်ပါတယ်။
အစိုးသစ်တက်လာရင် တရားစွဲခံရနိုင်တဲ့အနေအထားကို ရှောင်လွှဲဖို့အတွက် ဒီလိုထွက်ပြေးသွားတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ဂိုတာဘာယာဟာ မော်လ်ဒိုက်မှာမနေဘဲ တတိယနိုင်ငံကို သွားမှာ ဖြစ်ပါတယ်။
သူ့ရဲ့ အခြားညီတစ်ယောက်ဖြစ်တဲ့ ဘဏ္ဏာရေး၀န်ကြီးဟောင်း ဘာဆီလ် ရာဂျာပက်ဆာလည်း တိုင်းပြည်ကနေထွက်ပြေးသွားပြီး အမေရိကန်ကို သွားနေပြီဖြစ်ပါတယ်။
ဒါဟာ သီရိလင်္ကာနိုင်ငံကို မိသားစုတစ်စုတည်းက ဆယ်စုနှစ်ချီ ချုပ်ကိုင် အုပ်စိုးထားမှု အဆုံးသတ်သွားတာလည်းဖြစ်ပါတယ်။
ပြည်သူတွေကိုက ဒီသတင်းကိုကြားပြီးတဲ့နောက် နိုင်ငံတစ်၀ှမ်း လမ်းပေါ်ထွက် အောင်ပွဲခံနေကြပါတယ်။
Ref: BBC
Comments