ဇူလိုင် ၁၆၊ ၂၀၂၂
M-Media
-မက္ကဆီကိုက ထိပ်တန်း မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးမှုမှာ ပါ၀င်ခဲ့တဲ့ အထူးတပ်ဖွဲ့၀င်တွေရဲ့ ရဟတ်ယာဥ် ပျက်ကျခဲ့ပြီး လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။
ကမ်းရိုးတမ်းမြို့ လော့စ် ကိုချစ်မှာ ကာဖေးလ် ကာရို ကွင်တယ်ရိုကို ဖမ်းဆီးပြီး သိပ်မကြာခင်မှာပဲ အထူးတပ်ဖွဲ့၀င်တွေကို တင်ဆောင်လာတဲ့ ရဟတ်ယာဥ် ပျက်ကျသွားခဲ့တာပါ။
မက္ကဆီကို ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ မတော်တဆမှုလို့သာ ဖော်ပြထားပြီး အထူးတပ်ဖွဲ့၀င် ၁၄ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ လိုက်ပါလာသူအားလုံးဟာ မူးယစ်ရာဇာ ကွင်တယ်ရိုကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးမှာ ပါ၀င်ကြသူတွေ ဖြစ်ပါတယ်။
ရဟတ်ယာဥ်ပျက်ကျတဲ့ အကြောင်းအရင်းအသေးစိတ်ကို မသိရသေးပါဘူး။
ကွင်တယ်ရိုဟာ အမေရိကန် မူးယစ်ဌာနက ထောက်လှမ်းရေးအေးဂျင့် ကီကီကာမာရီနာကို ၁၉၈၅ ခုနှစ်မှာ သတ်ဖြတ်မှုအတွက် ထောင်ဒဏ် ၂၈ နှစ်ကျခံခဲ့ရပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာ မက္ကဆီကို အစိုးရက ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြန်လွတ်သွားပြီးတဲ့နောက် မူးယစ်မှောင်ခိုမှုတွေ၊ သတ်ဖြတ်မှုတွေကို ကွင်တယ်ရိုက ပြန်လုပ်ခဲ့ပါတယ်။ အမေရိကန်က အလိုရှိနေတဲ့ မူးယစ်ရာဇာ ၁၀ ဦးမှာ ကွင်တယ်ရို ပါ၀င်ပြီး သူ့ခေါင်းကို ကန်ဒေါ်လာ သန်း ၂၀ ပေးမယ်လို့ ဆုငွေထုတ်ထားပါတယ်။ ဒါဟာ မူးယစ်ရာဇာတစ်ယောက်အတွက် အမေရိကန်ကထုတ်တဲ့ အမြင့်ဆုံးဆုငွေပါ။
၁၉၈၀ ပြည့်နှစ်တွေက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Guadalajara မက္ကဆီကို မူးယစ်ဂိုးဏ်ကို ကွင်တယ်ရိုက ပူးတွဲတည်ထောင်ခဲ့ပြီး အခုအချိန်မှာတော့ ဒီဂိုဏ်းဟာ ကမ္ဘာ့မူးယစ်မှောင်ခိုလုပ်ငန်းမှာ သိပ်သြဇာမရှိတော့ပါဘူး။
Ref: Reuters
Comments