ဇူလိုင် ၂၁၊ ၂၀၂၂
M-Media
-ရာသီဥတုပြောင်းလဲမှု၊ ကိုဗစ်ကပ်ရောဂါ၊ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ပြဿနာတွေကြောင့် နေထိုင်ရတပ်တည်ဖို့ ခက်ခဲလာတဲ့အတွက် မြန်မာနိုင်ငံ အလယ်ပိုင်းက လူငယ်တွေဟာ နိုင်ငံရပ်ခြားကို ထွက်ခွာဖို့ ကြိုးပမ်းလာကြပါတယ်။
“ဒီလူအုပ်ကိုမြင်ရတာ ရွာကဘုရားပွဲကို သိပ်သတိရတာပဲ။ မကွေးက ပတ်စ်ပို့ရုံးမှာ နေ့တိုင်း လူမပြတ်ပါဘူး” လို့ နိုင်ငံခြားထွက်ဖို့ နိုင်ငံကူးလက်မှတ် လာလုပ်တဲ့ ကိုနေမိုးဆွေကျော်က ပြောပါတယ်။
လွန်ခဲ့တဲ့ ၆ လ အိုမီခရွန်လှိုင်းပြီးတဲ့နောက်ပိုင်း မကွေးက ပတ်စ်ပို့ရုံးမှာ တစ်နေ့ကို အနည်းဆုံး လူ ၁၀၀ လောက် နိုင်ငံကူးလက်မှတ်လာလုပ်ကြတယ်လို့ သူက ဆိုပါတယ်။
အချို့တွေက ဂျပန်နဲ့ စင်ကာပူတို့လို နိုင်ငံတွေမှာ ပညာရေးအဆုံးသတ်ဖို့ သွားကြတာဖြစ်ပေမယ့် အများစုကတော့ တရုတ်နဲ့ ထိုင်းမှာ အလုပ်ရှာဖို့ သွားကြမှာပါ။
ပူပြင်းခြောက်သွေ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက မကွေးလိုဒေသမျိုးမှာ လူငယ်တွေ နိုင်ငံရပ်ခြား သွားရောက်အလုပ်လုပ်ကိုင်ရတာမျိုးဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ အဓိကအကြောင်းအရင်းက ရာသီဥတု ဖောက်ပြန်မှုကြောင့်ပါ။
အခုနောက်ပိုင်း အပူအချိန်က ပိုမိုမြင့်တက်လာခဲ့ပြီး ၂၀၂၀ ခုနှစ်မှာဆိုရင် မကွေးတိုင်း ချောက်မြို့နယ်က အပူချိန်ဟာ စံချိန်တင် ၄၇.၅ စဲလ်စီးယက်စ်အထိ ရှိလာပါတယ်။
မကွေးမှာ အရင်ကနေခဲ့ဖူးတဲ့ မဇာခြည်လွင်က ရာသီဥတုဖောက်ပြမှုကြောင့် ၂၀၀၇ ခုနှစ်လောက်ကစလို့ စိုက်ပျိုးရေးလုပ်ငန်း အကြီးအကျယ် အရှုံးပေါ်လာခဲ့ပြီး အဓိကထွက်ကုန်ဖြစ်တဲ့ နှမ်းကိုတောင် စိုက်လို့မရတော့ဘူးလို့ ပြောပါတယ်။
“အရင် တစ်ဧကကို ရာနှုန်းပြည့်ထွက်တဲ့ ကျွန်မတို့လယ်တွေမှာ နောက်ပိုင်း အထွက်နှုန်းက ၆၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းလောက်သာ ရှိပါတော့တယ်”
အရှုံးပေါ်၊ အကြွေးတင်ပြီး မရှုနိုင်မကယ်နိုင်ဖြစ်လာတဲ့ သူမတို့ မိသားစုဟာ ၂၀၁၀ ခုနှစ်မှာ ဘိုးဘွားပိုင်လယ်မြေတွေကို ထက်၀က်စျေးနဲ့ရောင်းပြီး ရန်ကုန်ကို ပြောင်းရွှေ့လာရပါတယ်။ မိဘတွေက မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့တယ်လို့ မဇာခြည်လွင်က ပြောပါတယ်။
စစ်တမ်းတွေအရ လွန်ခဲ့တဲ့ ၁၀ နှစ် မြန်မာနိုင်ငံအလယ်ပိုင်းက လူဦးရေရဲ့ ၆ ရာခိုင်နှုန်းလောက်ကသာ နိုင်ငံရပ်ခြားထွက် အလုပ်လုပ်ဖို့ ဆန္ဒရှိကြပေမယ့် ယနေ့အချိန်မှာတော့ လူငယ်တွေ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့ ပမာဏဟာ အရင်ကထက် မကြုံစဖူး များပြားလာပါတယ်။
စိုက်ပျိုးလို့ မရတော့တာ၊ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည် စီးပွားပျက်ပြီး မတည်မငြိမ် ဖြစ်လာတာတွေက လူငယ်တွေ နေရပ်စွန့်ခွာရတဲ့ အဓိကအကြောင်းအရင်းတွေပါ။
မဇာခြည်လွင်က သူရွာက စွန့်ခွာခဲ့ပြီးနောက်ပိုင်း ရွာမှာရှိတဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းလောက် ထွက်သွားကြပြီလို့ ပြောပါတယ်။ အများစုက အသက် ၂၀ ကနေ ၃၅ နှစ်ကြားဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေးအခွင့်အလမ်းကို ရှာဖွေဖို့ ဖြစ်ပါတယ်။
“ရွာမှာဆို သက်ကြီးရွယ်အိုတွေပဲ ကျန်တော့တယ်။ အလုပ်လုပ်နိုင်တဲ့အရွယ်တွေ မရှိတော့ စိုက်ပျိုးရေးကလည်း ထက်၀က်လောက် နည်းသွားပါတယ်။ ဒါ့ကြောင့် ကုန်ပစ္စည်းစျေးတွေ တက်လာပြီး စစ်အာဏာသိမ်းပြီးတော့ အခြေအနေက ပိုဆိုးသွားပါတယ်။ ကျွန်မဆိုရင် ဟင်းချက်ဆီတောင် မ၀ယ်နိုင်တော့ပါဘူး”
မီးလောင်ပြင်
၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် မကွေးတိုင်းမှာ လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာပြီး စစ်တပ်ကလည်း ကြမ်းကြမ်း တမ်းတမ်း တုန့်ပြန်လာပါတယ်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်တာ၊ တရားလက်လွတ် ဖမ်းဆီးနှိပ်စက်တာတွေကို လုပ်ဆောင်သလို၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေလည်း အမြောက်အများ ဖြစ်လာပါတယ်။ နောက်ဆက်တွဲအဖြစ် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရေအတွက်ဟာ ပိုမို မြင့်တက်လာပါတယ်။
အနာဂတ်မသေချာ
လူငယ်တွေ ဒီလို အစုလိုက်အပြုံလိုက် ထွက်ခွာသွားမှုဟာ ဘယ်လိုအခြေအနေအထိ ဦးတည်သွားနိုင်လဲဆိုတာကို ကျန်ရစ်တဲ့သူတွေက သောကရောက်နေကြပါတယ်။
ရာသီဥတုကြောင့် ၂၀၀၅ ခုနှစ်နောက်ပိုင်း ပဲနဲ့နှမ်း စိုက်လို့ အဆင်မပြေတော့တဲ့အတွက် မိသားစု၀င်တွေ ရေကြည်ရာကို ထွက်ခွာသွားကြတယ်လို့ ရေနံချောင်းမြို့မှာနေထိုင်တဲ့ မနှင်းဆီနီက ပြောပါတယ်။
“တစ်ချို့တွေက ရန်ကုန်သွားကြတယ်။ တစ်ချို့က မြစ်ကြီးနားသွားကြတယ်။ ထိုင်းနိုင်ငံကိုသွားတဲ့လူလည်း ရှိပါတယ်”
ကိုမိုးဆွေကျော်က စိုက်ပျိုးစားရိတ် ကုန်ကျမှု မြင့်တက်လာတာ၊ လုပ်မယ့်လူ မရှိတာတွေကြောင့် အနာဂတ်က သိပ်ကောင်းလာနိုင်ဘူးလို့ ဆိုပါတယ်။
“ကုန်စျေးနှုန်း၊ လောင်ဆာဆီစျေးနှုန်း မြင့်တက်လာတာကြောင့် လူတွေ၊ စီးပွားရေးလုပ်ငန်းတွေ အခက်ကြုံပြီး အရှုံးပဲပြနေတယ်။ ဒီလိုသာဆက်သွားရင် လူတွေ ဒုက္ခပိုရောက်မယ်။ တွေးတောင် မတွေးရဲဘူး။ အာဏာသိမ်းထားတာ အချိန်ကြာလေလေ၊ အခြေအနေက ပိုဆိုးလေပါပဲ”
Ref: The Guardian
Comments