6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၂၊ ၂၀၂၂
M-Media
(သတင်းတွင်ပါ၀င်သော အမည်အားလုံးမှာ အမည်လွှဲများ ဖြစ်ပါသည်)

-စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းက အနည်းဆုံး ရွာနှစ်ရွာမှာ စစ်ကောင်စီတပ်တွေက သတ်ဖြတ်မှု၊ အဓမ္မကျူးလွန်မှုအကြောင်းတွေကို ဘီဘီစီသတင်းဌာနက ဒီကနေ့မှာ ဖော်ထုတ် တင်ပြလာပါတယ်။

တပ်ကြပ်တစ်ဦးအပါအ၀င် ဘက်ပြောင်းလာတဲ့ စစ်သား ၆ ဦးက သူတို့တပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုတွေအကြောင်း ဖွင့်ဟလာတာဖြစ်ပြီး မြေပြင်က ကျူးလွန်ခံရသူတွေ၊ အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ ဗီဒီယိုတွေကို အခြေခံကာ ဘီဘီစီက ဒီပြောကြားမှုတွေကို အတည်ပြုနိုင်ခဲ့ပါတယ်။

“အပြစ်မဲ့ပြည်သူတွေကို နှိပ်စက်ဖို့၊ လုယက်ဖို့၊ သတ်ဖြတ်ဖို့၊ အထက်က အမိန့်ပေးတာပါ” လို့ အစောင့်အဖြစ် စစ်တပ်က ခေါ်ယူခိုင်းစေခဲ့တဲ့ မောင်ဦးက ပြောပါတယ်။

၂၀၂၂ ခုနှစ် မေလ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပုန်းအောင်းနေတဲ့ အရပ်သားတွေကို သတ်ဖြတ်တဲ့အဖွဲ့မှာ မောင်ဦးတို့ ပါ၀င်ပါတယ်။

“ယောင်္ကျားအားလုံးကို တန်းစီးပစ်သတ်ဖို့ အထက်က အမိန့်ပေးပါတယ်။ စိတ်မကောင်းအဖြစ်ရဆုံးက အဲဒီအထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတစ်ဦး ပါ၀င်နေတာပါ”

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း ရေမြက်ရွာကို စစ်တပ်က ရဟတ်ယာဥ် ၃ စီးနဲ့ စစ်သားတွေ ချခဲ့ပြီး မြင်သမျှပစ်သတ်ဖို့ အမိန့်လည်း တစ်ခါတည်းပေးလိုက်ပါတယ်။

စစ်သားတွေဟာ ရွာထဲ၀င်လာပြီး အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်ပါမချန် မြင်မြင်သမျှ ပစ်ခတ်သတ်ဖြတ်တယ်လို့ သတင်းရင်းမြစ် ၅ ခုက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

“မြင်သမျှပစ်ဖို့ အထက်က အမိန့်ပေးလိုက်တာပါ” လို့ တပ်ကြပ်အောင်က ပြောပါတယ်။ လက်ရှိမှာ သူဟာ PDF ဖက် ဘက်ပြောင်းလာပြီး တောထဲမှာ ပုန်းရှောင်နေပါတယ်။

တစ်ချို့တွေက စစ်သားတွေလာလို့ ပုန်းနေတဲ့နေရာကနေ ထွက်ပြေးတဲ့အချိန်မှာ စစ်သားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့လည်း တပ်ကြပ်အောင်က ဆိုပါတယ်။

သူနဲ့သူ့အဖွဲ့လည်း အမျိုးသား ၅ ဦးကို သတ်ဖြတ်မြှုပ်နှံခဲ့တယ်လို့ သူက ၀န်ခံပါတယ်။

“ရွာထဲက အိမ်ကြီးအိမ်ကောင်းတွေမှန်သမျှ မီးရှို့ဖို့ အထက်က အမိန့်ပေးပါတယ်”

သူတို့အဖွဲ့ဟာ ရွာထဲပတ်ပြီး ‘ရှို့၊ ရှို့’ လို့အော်ကာ အိမ်တွေကို မီးလိုက်ရှို့ခဲ့ကြပါတယ်။

တပ်ကြပ်အောင်က အိမ်လေးလုံး မီးရှို့ခဲ့ပါတယ်။ ကိုယ်တွေ့ကြုံတွေ့ရသူတွေက အိမ် ၆၀ လောက် မီးရှို့ခံခဲ့ရပြီး တစ်ရွာလုံးနီးပါး ပြာကျခဲ့ပါတယ်။

အရှင်လတ်လတ်မီးရှို့

အဲဒီရွာမှာ ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးကို အရှင်လတ်လတ် မီးလောင်တိုက်သွင်းခဲ့တဲ့ ကိစ္စကို သီဟဆိုတဲ့ စစ်သားဟောင်းတစ်ယောက်က ပြန်ပြောပြပါတယ်။

ရေမြက်ရွာကို ၀င်မစီးခင် ၅ လလောက်အလိုမှာ သီဟတစ်ယောက် တပ်ထဲရောက်လာတာပါ။ စစ်တပ်ရဲ့ အငှားစစ်သားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ လခကတော့ တစ်လကို ၂ သိန်းပေးပါတယ်။

သူတို့တပ်ဖွဲ့ အိမ်တစ်အိမ်ကို မီးရှို့တော့မယ့်အချိန်မှာ ပိတ်မိနေတဲ့ ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ယောက်ကို သီဟ တွေ့ခဲ့ပါတယ်။

“အဲဒီကလေးမ အော်ငိုတဲ့အသံကို မေ့လို့မရဘူး။ အခုထိ နားထဲ ကြားနေတုန်းပဲ”

အထက်ကဗိုလ်ကြီးကို ပြန်ပြောတဲ့အချိန်မှာ “မြင်သမျှအကုန်သတ်ဖို့ မင်းကို ပြောထားတယ်မှတ်လား” လို့ ပြန်ဖြေခဲ့ကြောင်း သီဟက ပြောပါတယ်။

မိန်းကလေးငယ် အော်ဟစ်ငိုယိုပြီး အရှင်လတ်လတ် မီးလောင် သေဆုံးသွားတဲ့အထိ တပ်ကြပ်အောင်တို့အဖွဲ့ အဲဒီရွာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

“ကြားရတာ စိတ်ဆင်းရဲဖို့ ကောင်းပါတယ်။ အိမ်မီးလောင်ပြီး ၁၅ မိနစ်လောက်အထိ ဒီကလေးမလေးရဲ့အသံကို ကျွန်တော်တို့ ကြားခဲ့ရပါတယ်”

ဒီအဖြစ်အပျက်မှာ သေဆုံးသွားတဲ့ မိန်းကလေးငယ်ဟာ စိတ်ရောဂါ၀ေဒနာရှင်ဖြစ်တယ်လို့ အမျိုးတစ်ဦးဖြစ်တဲ့ ဦးမြင့်က ဘီဘီစီကို ပြောပါတယ်။ မိဘတွေ အလုပ်သွားတဲ့အချိန် အိမ်မှာ ကျန်ခဲ့ပြီး အခုလို ကံကြမ္မာဆိုးကို ကြုံတွေ့ခဲ့ရတာပါ။

“သူကထွက်ပြေးတာ။ စစ်သားတွေက ပြန်ဖမ်းပြီး မီးရှို့လိုက်တာပါ”

နိုင်ငံအလယ်ပိုင်းမှာ စစ်တပ်ရဲ့ ကြမ်းကြုတ်မှုတွေကို ခံရတဲ့ အမျိုးသမီးတွေဟာ သူမ တစ်ဦးတည်း မဟုတ်ပါဘူး။

ရေမြက်ရွာမှာ အမျိုးသမီးငယ်တွေကို ဖမ်းဆီးပြီး ဘယ်လိုပြုမူခဲ့သလဲဆိုတာကို စစ်သားဟောင်းဖြစ်တဲ့ သီဟက ပြန်ပြောင်းပြောပြပါတယ်။

မိန်းကလေးတွေကိုဖမ်းပြီး အထက်အရာရှိက ‘မင်းတို့ကြိုက်သလိုလုပ်’ လို့ဆိုကာ လက်အောက်ငယ်သားတွေကို ပေးခဲ့ကြောင်း သီဟက ပြောပါတယ်။ ကျန်တဲ့စစ်သားတွေက အဲဒီအမျိုးသမီးတွေကို အဓမ္မကျင့်ခဲ့ပြီး အဲဒီအထဲမှာ သူမပါဘူးလို့လည်း သီဟက ဆိုပါတယ်။

အဓမ္မကျင့်ခံရသူတွေကို ဘီဘီစီသတင်းဌာနက စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

ပပနဲ့ခင်ထွေးဟာ ရေမြက်ရွာမှာ စစ်သားတွေနဲ့ တွေ့ဆုံဖမ်းဆီးခံလိုက်ရတာပါ။ သူတို့ဟာ တစ်ခြားရွာကဖြစ်ပြီး အဲဒီရွာကို အ၀တ်ချုပ်ဖို့ လာအပ်တာ ဖြစ်ပါတယ်။

PDF အဖွဲ့၀င်တွေမဟုတ်ဘူး၊ ဒီရွာကမဟုတ်ဘူးလို့ပြောပေမယ့် စစ်သားတွေက သူတို့ကို ဖမ်းဆီးကာ စာသင်ကျောင်းမှာ ၃ ည ချုပ်ထားပါတယ်။

သူတို့ဟာ ညစဥ်ညတိုင်း အဓမ္မကျင့်ခံခဲ့ရပါတယ်။

“ပုဆိုးနဲ့ မျက်လုံးကိုစည်းပြီး ဆွဲလှဲတယ်။ အ၀တ်အစားတွေချွတ်ပြီး အဓမ္မကျင့်ပါတယ်။ ကျွန်မအော်လည်း မလွှတ်ပါဘူး” လို့ ပပက ပြောပါတယ်။

လွှတ်ပေးဖို့ တောင်းပန်ပေမယ့် ပါးနားအရိုက်ခံရပြီး၊ သေနတ်ထောက်ကာ သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခံရပါတယ်။

“အသတ်ခံရမှာကို ကြောက်ပြီး ကျွန်မတို့ မရုန်းရဲတော့ပါဘူး” လို့ ပပရဲ့ ညီမဖြစ်သူ မခင်ထွေးက ပြောပါတယ်။

စစ်သားတွေကို သေချာမကြည့်ရဲပေမယ့် တစ်ချို့တွေ ယူနီဖောင်း၀တ်ထားပြီး၊ တစ်ချို့မ၀တ်ထားတာကိုတော့ သူတို့ညီအမနှစ်ယောက် မှတ်မိပါတယ်။

“မိန်းကလေးငယ်တွေကို ဖမ်းမိရင် PDF ကို နင်တို့ အားပေးတယ်မှတ်လား လို့မေးပြီး စစ်သားတွေက မုဒိမ်းကျင့်ပါတယ်” လို့ တပ်သား သီဟက ပြောပါတယ်။

ရေဦးမြို့နယ်က ရေမြက်ရွာကို စစ်တပ်က ၃ ရက်တာ ၀င်စီးမှုအတွင်း အနည်းဆုံး လူ ၁၀ ဦး အသတ်ခံရပြီး အမျိုးသမီး ၈ ဦး အဓမ္မကျင့်ခံခဲ့ရပါတယ်။

နာမည်ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

စစ်ကိုင်းတိုင်းဒေသကြီး အုတ်ဖိုရွာက ဘုန်းကြီးကျောင်းမှာဖြစ်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအကြောင်းကို ဒီကိစ္စမှာပါ၀င်တဲ့ အငှားစစ်သား မောင်ဦးက ပြောပါတယ်။

၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့မှာ အမှတ် ၃၃ ခြေမြန်တပ်ရင်းက စစ်သားတွေဟာ အုတ်ဖိုရွာအတွင်း အနည်းဆုံး လူ ၉ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

စစ်သားဟောင်းတစ်ဦးရဲ့ဖုန်းကနေ ရရှိတဲ့ သတ်ဖြတ်မှုဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ အလျင်အမြန်ပြန့်နှံ့သွားခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးနဲ့ အဖိုးအိုတစ်ဦးအပါအ၀င် လူ ၉ ဦး တန်းစီပစ်သတ်ခံထားရတာကို ဗီဒီယိုမှာ တွေ့ရပါတယ်။

သေဆုံးသွားသူတွေဟာ ပုဆိုးနဲ့တီရှပ်တွေ ၀တ်ဆင်ထားပြီး ဗီဒီယိုအနေအထားအရ အနောက်ကနေ အနီးကပ်ပစ်သတ်ခံရတယ်ဆိုတာကို တွေ့ရပါတယ်။

သတ်ဖြတ်မှုကို ကြုံတွေ့ရသူတွေရဲ့ ပြောပြချက်အရ အသတ်ခံရတဲ့ အမျိုးသမီးဟာ မမိုးမိုးဆိုသူဖြစ်ပြီး ကလေးကိုချီပြီး လက်၀တ်လက်စားတွေပါတဲ့ အိတ်တစ်အိတ်ကို ကိုင်ထားစဥ်မှာ စစ်တပ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အိတ်ကိုမယူဖို့ စစ်သားတွေကို မမိုးမိုးက တောင်းပန်ခဲ့ပေမယ့် မရပါဘူး။

“ကလေးချီထားတာကောင် စစ်သားတွေက အိတ်ကိုလုပြီး သူ့ကို သတ်ပစ်လိုက်တယ်။ ယောင်္ကျားလေးတွေကို တန်းစီခိုင်းပြီး တစ်ယောက်ပြီးတစ်ယောက် ပစ်သတ်ပါတယ်” လို့ ဒီအဖြစ်အပျက်ကို မြင်တွေ့ခဲ့တဲ့ လှလှက ပြောပါတယ်။

မမိုးမိုးရဲ့ကလေးက အသက်ရှင်ကျန်ရစ်ခဲ့ပြီး အမျိုးတွေက ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

လူတွေသတ်ရတာ ‘အရသာရှိကြောင်း’၊ ‘အောင်ပွဲရတဲ့နေ့ဖြစ်ကြောင်း’ စစ်သားတွေက ဖုန်းဆက်ပြောဆိုနေတာကိုလည်း လှလှတစ်ယောက် ကြားခဲ့ရပါတယ်။

ရွာထဲကထွက်သွားတဲ့အချိန်မှာ စစ်သားတွေဟာ ‘အောင်ပြီ၊ အောင်ပြီ’ လို့ ကျွေးကြော်သွားခဲ့ပါတယ်။

အခြားအမျိုးသမီးတစ်ဦးက သူမရဲ့ခင်ပွန်းကို စစ်သားတွေက ပေါင်ကို ပစ်ကာ၊ ၀မ်းလျားမှောက်ခိုင်းပြီး တင်ပါးနဲ့ ခေါင်းကို ပစ်သတ်လိုက်တဲ့အကြောင်း ဘီဘီစီသတင်းဌာနကို ပြောပါတယ်။

ခင်ပွန်းဟာ PDF အဖွဲ့၀င်မဟုတ်ဘူးလို့ သူမက ဆိုပါတယ်။

“ကျွန်မယောင်္ကျားက ထန်းသမားတစ်ဦးပါ။ ရိုးရိုးသားသား လုပ်ကိုင်ရှာဖွေ စားသောက်နေတာပါ။ သားတစ်ယောက်သမီးတစ်ယောက်ရှိတယ်။ ဘယ်လိုရပ်တည်ရမှန်းတောင် မသိပါဘူး”

ဘီဘီစက မေးမြန်းခဲ့တဲ့ စစ်သား ၆ ဦးစလုံးက သူတို့ဟာ နိုင်ငံအလယ်ပိုင်းမှာ အိမ်တွေ၊ ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

အသစ်မဟုတ်တော့

မြန်မာစစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ မီးရှို့ဖျက်ဆီးတာ၊ အဓမ္မကျင့်တာတွေဟာ အသစ်အဆန်းမဟုတ်တော့ပါဘူး။ နှစ်ပေါင်း ၇၀ ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်မှာ စစ်တပ်ဟာ တိုင်းရင်းသားဒေသတွေအတွင်း ဒီလိုလုပ်ရပ်တွေကို မရေမတွက်နိုင်အောင် ကျူးလွန်ခဲ့ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာမှတ်တမ်းတင်နေတဲ့ Myanmar Witness အဖွဲ့က ပြီးခဲ့တဲ့ ၁၀ လအတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာပေါင်း ၂၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။

ဒီလိုမီးရှို့ဖျက်ဆီးမှုတွေဟာ မြင့်တက်လာခဲ့ပြီး ဇန်န၀ါရီနဲ့ ဖေဖော်၀ါရီလမှာ ဖြစ်ရပ်ပေါင်း အနည်းဆုံး ၄၀ ရှိရာကနေ မတ်လနဲ့ ဧပြီလမှာ ၆၆ ခုအထိ မြင့်တက်လာပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာရွာတွေကိုလည်း စစ်တပ်က ဒီလုပ်ရပ်အတိုင်း ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

စစ်သားဟောင်းတွေ ဘီဘီစီကို ပြောပြခဲ့တဲ့ စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေ၊ အဓမ္မကျင့်မှုတွေ၊ လုယက်ဖျက်ဆီးမှုတွေဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ချီ ဖြစ်ခဲ့တာလို့ Human Rights Watch က ပြောပါတယ်။

ဒီလိုကျူးလွန်မှုတွေကို စစ်တပ်က အရေးယူတာမျိုး မရှိသလောက်ရှားပါတယ်။

ဘက်ပြောင်း

၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း PDF ဖက်ကို ဘက်ပြောင်းလာတဲ့ စစ်သားတွေ တစ်သောင်းလောက်ရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

တပ်ကြပ်အောင်က ရေရှည်မှာ စစ်တပ်က မနိုင်ဘူးလို့ ခံစားရတဲ့အတွက် ပြည်သူ့ဖက်ပြောင်းခဲ့တာလို့ ဖွင့်ဟပါတယ်။ PDF တွေရဲ့တိုက်ခိုက်မှုကို ခံရမှာ ကြောက်တဲ့အတွက် စစ်သားတွေ စခန်းကနေ မခွာရဲဘူးလို့လည်း သူက ဆိုပါတယ်။

“ဘယ်သွားသွား စစ်ကြောင်းနဲ့ပဲ သွားရတယ်။ ကျွန်တော်တို့ နိုင်နေတယ်လို့ ဘယ်သူမှ မပြောနိုင်ပါဘူး”

စစ်သားဟောင်းတွေရဲ့ အခုပြောပြချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းရာမှာ စစ်တပ်က အရပ်သားတွေကို မသတ်ဖြတ်ကြောင်း၊ ရေမြက်ရွာနဲ့ အုတ်ဖိုရွာတွေကို ၀င်ရောက်စီးနင်းမှုဟာ သတင်းအတိအကျရတဲ့အတွက်ဖြစ်ပြီး အကြမ်းဖက်သမားတွေကိုသာ သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

စစ်တပ်က ရွာတွေကို မီးရှို့တယ်ဆိုတဲ့ သတင်းကိုလည်း သူကငြင်းပြီး PDF တွေလုပ်တာလို့ ပြောပါတယ်။

စစ်သားတွေရဲ့ အဓမ္မကျင့်မှုကို ခံခဲ့ရတဲ့ မခင်ထွေးက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ စဥ်စားခဲ့ကြောင်း၊ ခံစားခဲ့ရတွေအတွက် အိမ်ထောင်ဖက်လောင်းကို ပြန်မပြောရဲကြောင်း ဖွင့်ဟခဲ့ပါတယ်။

Ref: BBC

Comments are closed.