စက်တင်ဘာ ၁၆၊ ၂၀၂၂
M-Media
-ရုရှားလက်ထဲကနေ ပြန်သိမ်းနိုင်ခဲ့တဲ့ Izyum မြို့ မှာ လူ ၄၀၀ လောက် အစုလုံအပြုံလိုက် မြှုပ်နှံထားတဲ့ နေရာတစ်ခုကို တွေ့ရှိခဲ့ပြီး သေဆုံးသူတွေဟာ အရပ်သားတွေလားဆိုတာ သိရဖို့ အလောင်းဖော် စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
ယူကရိန်းစစ်တပ်ရဲ့ လျှက်တစ်ပြတ် တန်ပြန်ထိုးစစ်မှာ နိုင်ငံအရှေ့ပိုင်း အဓိကကျတဲ့ မြို့တစ်ချို့ကို အခုတစ်ပတ်အစောပိုင်းမှာ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ အဲဒီအထဲမှာ Izyum မြို့က ရုရှားတပ်တွေ ထောက်ပို့လမ်းကြောင်းအတွက် အချက်အခြာကျတဲ့ ဒေသပါ။
မြို့ပြင် တောအုပ်မှာတွေ့ရတဲ့ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာမှာ ယူကရိန်းအာဏာပိုင်တွေက အလောင်းတွေ ပြန်ဖော်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
လတ်တလော စစ်ဆေးမှုတွေအရ အလောင်းအများစုဟာ အရပ်သားတွေဖြစ်တယ်လို့ ယူကရိန်း ရဲတပ်ဖွဲ့အကြီးအကဲက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။ မြှုပ်နှံထားတဲ့အထဲမှာ စစ်သားအလောင်းတွေ ပါ၀င်နိုင်ပေမယ့် အခုအချိန်အထိ မတွေ့သေးဘူးလို့လည်း သူက ဆိုပါတယ်။
ရုရှားက ကျူးကျော်မှုစတင်တဲ့ ဖေဖော်၀ါရီလမှာတင် Izyum မြို့ကို သိမ်းနိုင်ခဲ့တာပါ။ မြို့တော်ကိဗ်နားက Bucha ဒေသ၊ ရုရှားနဲ့ကပ်နေတဲ့ Mariupol၊ အခု Izyum မှာ ရုရှားတပ်တွေ ပြန်ထွက်သွားတဲ့အချိန် လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာတွေကို တွေ့ခဲ့ရပါတယ်။
မနေ့က နေ့စဥ်မိန့်ခွန်းမှာ ယူကရိန်းသမ္မတ ဇယ်လင်စကီးက ရုရှားဟာ ဒီသတ်ဖြတ်မှုတွေအတွက် တာ၀န်ယူရလိမ့်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: BBC
Comments