6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၆၊ ၂၀၂၃

M-Media 


-လူတွေကို တစ်ခြားဘာသာပြောင်းစေတာဟာ နီပေါမှာ ဥဒေချိုးဖောက်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့် ခရစ်ယာန်သာသနာပြု အဖွဲ့တွေကတော့ ခရစ်တော်သာသနာပြန့်ပွားရေးအတွက် တရားစွဲဆိုခံရမယ့် အန္တရာယ်ကို ကျေကျေနပ်နပ်ကြီး ရင်ဆိုင်နေကြပါတယ်။ 

“ခရစ်တော် အောင်မြင်ပါစေ” 

ဟိမ၀န္တာတောင်ခြေက ဂျာလန်းဆိုတဲ့ ရွာလေးမှာ ဘုရားကျောင်းသစ် ဖွင့်ပွဲအတွင်း ကိုရီးယားလူမျိုး တရားဟောဆရာ ပန်ချန်အင်ရဲ့ ဟစ်အော်ချီးမွမ်းမှု ဖြစ်ပါတယ်။ 

သိပ်မကြာခင်ကမှ ခရစ်ယာန်ဘာသာကို ကူးပြောင်းလာတဲ့ ၀တ်ပြုဆုတောင်းသူတွေက သူတို့ရဲ့လက်တွေကို လေထဲမှာ မြှောက်ထားကြပါတယ်။ တော်တော်များများက ‘တာမန်’ လူမျိုးစုပါ။ ရှေးဟောင်းအယူ၀ါဒတစ်ခုဖြစ်တဲ့ ‘လာမာ’ ဘာသာတရားကို အရင်က ယုံကြည်ကြသူတွေ ဖြစ်ပါတယ်။  

ပန်ကတော့ တာမန်လူမျိုးတွေဟာ စီးပွားရေးရော၊ ယုံကြည်မှုပိုင်းဆိုင်ရာမှာပါ အားနည်းနောက်ကျနေတယ်လို့ ရှုမြင်ပါတယ်။ 

“ဘုရားရဲ့တန်ခိုးတွေ ထင်ရှားလာပြီး တစ်ရွာလုံး ခရစ်ယာန်ဘာသာကို သက်၀င်လာကြပါတယ်” 

ခရစ်ယာသာသနာပြုအဖွဲ့ တော်တော်များများဟာ ပန်လို တောင်ကိုရီယားနိုင်ငံသားတွေပါ။ ဗုဒ္ဓဘုရားရှင် ပွင့်ပေါ်ရာဒေသဖြစ်ပြီး ဟိန္ဒူဘုရင့်နိုင်ငံလည်းဖြစ်ခဲ့တဲ့ နီပေါဟာ ကမ္ဘာပေါ်မှာ ခရစ်ယာန်သာသနာ အမြန်ဆုံးထွန်းကားတဲ့ ဒေသတွေထဲက တစ်ခုဖြစ်ပြီး ဒီလိုဖြစ်လာအောင် ပန်တို့လို သာသနာပြုတွေက ကူညီဆောင်ရွက်ပေးနေကြတာ ဖြစ်ပါတယ်။ 

နီပေါမှာ ခရစ်ယာန်ဘာသာကို ကူးပြောင်းကြသူအများစုက ‘ဒါလစ်’ လိုခေါ်တဲ့ ဟိန္ဒူဇာတ်နိမ့်တွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေ ဖြစ်ပါတယ်။ 

ပန်ပြောတဲ့ ဘုရားရဲ့တန်ခိုးကို သူတို့ ယုံကြည်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဆင်းရဲမွဲတေမှု၊ ခွဲခြားဆက်ဆံခံရမှုကနေ လွတ်မြောက်ဖို့အတွက် ခရစ်ယာန်ဘာသာကို ကူးပြောင်းခြင်းက သူတို့အတွက် အခွင့်အလမ်းတစ်ခု ဖြစ်နေပါတယ်။ 

နီပေါမှာ နှစ်ပေါင်း ၂၀ အတွင်း ဘုရားကျောင်းသစ် ၇၀ လောက် ပန်က တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပြီး အများစုက ဒါဒင်းခရိုင်မှာ ဖြစ်ပါတယ်။ မြို့တော်ခတ္တာမန်ဒူကနေ အနောက်မြောက်ဖက်ကို ၂ နာရီလောက်သွားရပါတယ်။ လူမျိုးစုတွေက ဘုရားကျောင်းအတွက် မြေပေးပြီး ကိုရီးယား ခရစ်ယာန်အသင်းတော်တွေက ဆောက်လုပ်ရေးအတွက် အကုန်အကျခံတယ်လို့ ပန်က ပြောပါတယ်။

“တောင်ပေါ်ဒေသတိုင်းမှာ ဘုရားကျောင်းတွေ ပေါ်ထွန်းလာနေပါပြီ”

ပန်ရဲ့ပြောစကားဟာ နည်းနည်းပိုတာမျိုး ဖြစ်နိုင်ပေမယ့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း နီပေါနိုင်ငံတစ်၀ှမ်း ခရစ်ယာန်ဘုရားကျောင်းတွေ သိသိသာသာ တိုးပွားလာတာကတော့ ငြင်းမရတဲ့အချက် ဖြစ်ပါတယ်။ ဟိန္ဒူဘာသာ၀င် အများစုရှိတဲ့ နီပေါမှာ ခရစ်ယာန်ဘုရားကျောင်းပေါင်း ၇၇၅၈ ကျောင်း ရှိလာတာကို နီပေါ ခရစ်ယာန်အသင်းက နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်မှာ တွေ့ရပါတယ်။ 

ဒီပြောင်းလဲမှုမှာ တောင်ကိုရီးယား သာသနာပြုအဖွဲ့တွေက အဓိက ကျပါတယ်။ ကမ္ဘာတစ်၀ှမ်း သာသနာပြုအများအပြား စေလွှတ်တဲ့ နိုင်ငံတွေထဲမှာ တောင်ကိုရီးယားလည်း ပါ၀င်ပါတယ်။ တောင်ကိုရီးယားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကမှ သာသနာပြုတွေ စတင်စေလွှတ်တာဖြစ်ပြီး စုစုပေါင်း ၂၂၀၀၀ ကျော် စေလွှတ်ပြီးပါပြီ။ 

ဘုရားသခင်ရဲ့ အမှုတော်ကို ထမ်းရွက်ရမယ်ဆိုတဲ့အချက်ကို ဦးထိပ်ထားတဲ့ ကိုရီးယားသာသနာပြုတွေဟာ စိတ်အားထက်သန်စွာ အားထုတ်လုပ်ဆောင်မှုအတွက် နာမည်ကျော်ပြီး တစ်ချို့နိုင်ငံတွေကနေ မောင်းထုတ်ခံရတာတွေလည်း ရှိပါတယ်။ 

နီပေါဟာ ဘာသာရေးမစွက်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ် အခြေခံဥပဒေအရ ဘာသာရေးလွတ်လပ်ခွင့် ပေးထားပါတယ်။ 

ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာ ဘာသာကူးပြောင်းမှု တားဆီးရေးဥပဒေတစ်ခုကို ပြဌာန်းခဲ့ကာ တစ်ဦးတစ်ယောက်ကို ဘာသာပြောင်းဖို့ တိုက်တွန်းဆော်သြမှု ထင်ရှားရင် ထောင်ဒဏ် ၅ နှစ်အထိ အပြစ်ပေးလို့ရပါတယ်။ 

“ဘာသာကူးပြောင်းမှု တားဆီးရေးဥပဒေကြောင့် သာသနာပြုလုပ်ငန်း လုပ်ဆောင်တဲ့အခါမှာ အမြဲတမ်း စိတ်သောကရောက်ရပါတယ်။ ဒါပေမယ့် ဘုရားရဲ့ နှုတ်ကပတ်တော် ပြန့်ပွားရေးလုပ်ငန်းကို အကြောက်တရားကြောင့် ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ၀ိဥာဉ်ရေးရာ ကယ်တင်မှုလုပ်ငန်းကို ကျွန်မတို့ ဆက်လုပ်သွားမှာပါ” လို့ တရားဟောဆရာပန်ရဲ့ ဇနီး လီဂျွန်ဟီးက ပြောပါတယ်။

ပန်တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ အရင်က ဘဏ်လုပ်ငန်း လုပ်ကိုင်သူတွေပါ။ ဘုရားသခင်က သူ့ရဲ့ခင်ပွန်းကို အမှုတော်ထမ်းဖို့ ရွေးချယ်ပြီး နီပေါကိုလည်း ဘုရားကပဲ စေလွှတ်ခဲ့တာလို့ လီဂျွန်ဟီးက ပြောပါတယ်။ 

၂၀၀၃ ခုနှစ် နီပေါကို သူတို့ရောက်တဲ့အချိန်မှာ ဟိန္ဒူတော်၀င်မိသားစု ထီးနန်းစိုးစံနေတုန်း ဖြစ်ပါတယ်။ 

“ရုပ်ပွားဆင်းတုတွေ အများအပြား ကိုယ်ကွယ်နေတာကိုတွေ့ပြီး ကျွန်တော် လန့်သွားပါတယ်။ နီပေါနိုင်ငံဟာ ဘုရားရဲ့ နှုတ်ကပတ်တော်ကို အရမ်းလိုအပ်နေပါလားဆိုပြီးလည်း ကျွန်တော် တွေးမိတယ်” လို့ ပန်ကပြောပါတယ်။ 

နောက်ထပ် ၅ နှစ်အကြာမှာတော့ နှစ်ပေါင်း ၂၄၀ လောက် ကြာမြင့်တဲ့ ဘုရင်စနစ် နီပေါမှာ ပျက်သုဥ်းသွားပါတယ်။ ဒါဟာ ၁၀ စုနှစ်တစ်ခုအထိ ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်ရဲ့ နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ညွန့်ပေါင်းအစိုးရ တက်လာပြီး နီပေါကို ဘာသာရေးမစွက်တဲ့ သမ္မတနိုင်ငံအဖြစ် ကြေငြာခဲ့ပါတယ်။ 

“ဒါဟာ သာသနာပြုလုပ်ငန်းတွေရဲ့ ရွှေခေတ်အစပါပဲ” လို့ ပန်ကပြောပါတယ်။ 

လက်ရှီနီပေါမှာ ပန်နဲ့ သူ့ရဲ့ဇနီးတို့ အပါအ၀င် ခရစ်ယာန်သာသနာပြုလုပ်ငန်း လုပ်ကိုင်သူ ကိုရီးယားလူမျိုး ၃၀၀ ၀န်းကျင် ရှိပါတယ်။ 

မြို့တော် ခတ္တာမန်ဒူရဲ့ တောင်ဖက်ဆင်ခြေဖုံးဒေသတွေမှာ ကိုရီးယားလူအဖွဲ့အစည်း အခြေစိုက်ပါတယ်။ 

သူတို့အားလုံးဟာ တရား၀င် သာသနာပြုဗီဇာနဲ့ လာရောက်တာမျိုးမဟုတ်ဘဲ စီးပွားရေးဗီဇာ၊ ကျောင်းဗီဇာနဲ့ လာရောက်ကြသူတွေပါ။ တစ်ချို့တွေက စားသောက်ဆိုင် ဖွင့်ထားကြပြီး၊ အကူအညီပေးရေးအဖွဲ့ ဖွဲ့ထားသူတွေလည်း ရှိပါတယ်။ 

ခရစ်ယာန်သာသနာပြု လုပ်ငန်းအကြောင်းကို ပန်တို့ ဇနီးမောင်နှံလောက်သာ ပွင့်ပွင့်လင်းလင်း ထုတ်ပြောရဲကြပါတယ်။ 

“ဘုရားက နီပေါမှာ ဘာတွေလုပ်နေလဲဆိုတာကို မျှ၀ေဖို့ ကျွန်တော် ၀န်မလေးပါဘူး” 

သူတို့ရဲ့ သာသနာပြုလုပ်ငန်းက ဥပဒေချိုးဖောက်မှုလို့ ပန်က မထင်ပါဘူး။ နှစ်ခြင်းခံတာမျိုးလုပ်ဖို့ သူတို့မတိုက်တွန်းဘူးလို့ ဆိုပါတယ်။ 

“သာသနာပြုလုပ်ငန်းဆိုတာ ကျွန်တော်တို့ကြောင့် ဖြစ်တာမဟုတ်ပါဘူး။ ဘုရားကလုပ်တဲ့ အလုပ်ပါ။ ကျွန်တော်တို့ကို အကြောင်းခံပြီး နီပေါမှာ ဘုရားရဲ့ တန်းခိုးတွေ ဘယ်လောက်ပြန့်နှံ့နေပြီလဲဆိုတာ ကျွန်တော်တို့ ပြသချင်ပါတယ်” 

နီပေါမှာ ၈၀ ရာခိုင်နှုန်းက ဟိန္ဒူဘာသာ၀င်တွေဖြစ်ပြီး၊ ဗုဒ္ဓဘာသာက ၉ ရာခိုင်နှုန်း၊ ခရစ်ယာန်က ၂ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ သန်းခေါင်စာရင်းကောက်ယူမှုအရ ခရစ်ယာန်ဘာသာ၀င်အရေအတွက် တိုးလာတာကို တွေ့ရပါတယ်။

၁၉၅၁ ခုနှစ်က နီပေါမှာ ခရစ်ယာန်ဘာသာ၀င် လုံး၀မရှိပါဘူး။ ၁၉၆၁ ခုနှစ်မှာ ၄၅၈ ဦးရှိပြီး ၂၀၁၁ ခုနှစ်မှာတော့ ၃၇၆၀၀၀ နီးပါး ရှိလာပါတယ်။ နောက်ဆုံး သန်းခေါင်စာရင်းမှာတော့ ၅၄၅၀၀၀ အထိရှိနေတာကို တွေ့ရပါတယ်။ 

“တောမီးလို ပြန့်တာဗျ။ ယဥ်ကျေးမှုအမှတ်သညာတွေ၊ အမျိုးသားညီညွတ်ရေးတွေက စိုးရိမ်ရမယ့်အနေအထား ရောက်နေပြီ” လို့ ၀န်ကြီးချုပ်ဟောင်းဖြစ်တဲ့ ကမာလ် သာပါက ပြောပါတယ်။ 

ကိုရီးယားသာသနာပြုတွေရဲ့ လုပ်ငန်းတွေဟာ တိုင်းပြည်ရဲ့ ယဥ်ကျေးမှုအမှတ်သညာကို အကွက်ချ စီစဥ်တိုက်ခိုက်မှုလို့ ကမာလ်က ရှုမြင်ပါတယ်။ 

“သာသနာပြုအဖွဲ့တွေဟာ ကန့်လန့်ကာနောက်ကွယ်ကနေ လှုပ်ရှားနေကြပါတယ်။ ဆင်းရဲပြီး ပညာရည်နိမ့်ပါးမှုကို အမြတ်ထုတ်ကာ လူတွေကို ခရစ်ယာန်ဘာသာပြောင်းဖို့ တိုက်တွန်း နေကြတယ်” 

“ဘာသာရေးလွတ်လပ်ခွင့်ဆိုတာ ဒါမဟုတ်ဘူးဗျ။ ဒါက ဘာသာရေးခေါင်းစဥ်တပ်ပြီး အမြတ်ထုတ်တဲ့ကိစ္စပါ”

ကမာလ်ဟာ နီပေါကို ဟိန္ဒူနိုင်ငံပြန်ဖြစ်ရေး ကြိုးပမ်းဖို့ ဆော်သြနေပါတယ်။ ဘာသာပြောင်းမှု တားဆီးရေးဥပဒေကို ကမာလ်က ထောက်ခံခဲ့သလို၊ ဥပဒေ အမှန်တကယ် ကျင့်သုံးတာကိုလည်း သူက မြင်ချင်နေပါတယ်။ 

ခရစ်ယာန်တွေသာ ဒီဥပဒေနဲ့ တရားစွဲဆိုခံခဲ့ရပြီး၊ ပြစ်ဒဏ်ချမှတ်ခံရတာမျိုးတော့ မရှိသေးပါဘူး။ သက်သေမရှိလို့ အမှုပိတ်သိမ်းတာ၊ စွပ်စွဲခံရသူတွေကို တရားသေလွှတ်ပေးတာမျိုးတွေပဲ ရှိပါတယ်။ 

နီပေါခရစ်ယာန်အသင်းက လတ်တလော တရားစွဲဆိုခံရတဲ့အမှု ၅ မှုရှိတယ်လို့ ပြောပါတယ်။ သီလရှင်နှစ်ပါး အပါအ၀င် ကိုရီးယားလူမျိုး ၄ ဦး တရားစွဲခံရတာဖြစ်ပြီး ဒီဇင်ဘာလက အမှုပိတ်သိမ်းလိုက်ပါတယ်။ 

နီပေါခရစ်ယာန်အသင်းကို ဦးဆောင်နေတဲ့ တရားဟောဆရာ ဒီလီရမ် ပေါ်ဒဲလ်ဟာ ဘာသာပြောင်းမှုတားဆီးရေးဥပဒေကို ပထမဆုံး ၀ေဖန်သူတွေထဲက တစ်ဦးပါ။

ငွေပေးဘာသာပြောင်းခိုင်းတယ်လို့ ဒီလီရမ် စွပ်စွဲခံရပြီး ၂၀၁၈ ခုနှစ် ဧပြီလမှာ တရားစွဲခံရပါတယ်။ သူကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး အမှုလည်းနောက်ပိုင်းမှာ ပိတ်သိမ်းသွားခဲ့ပါတယ်။ 

“လူတွေကို ဘာသာပြောင်းခိုင်းတယ်လို့ ကျွန်တော်တို့ စွပ်စွဲခံရတယ်။ ဒီလိုစွမ်းအားမျိုးက ကျွန်တော်တို့လက်ထဲမှာ မရှိပါဘူး။ အဲလိုသာ ရှိရင် ကျွန်တော့်အမေ ဘာသာပြောင်းသွားတာ ကြာပြီ။ အမေက အသက် ၉၂ နှစ်ရှိပြီး။ ကျွန်တော့်အမေ့ကို ငွေထောက်ပံ့နိုင်တယ်။ ဆုလည်း ဆုတောင်းပေးတယ်။ ဒါပေမယ့် ဘာသာပြောင်းမှုက ခရစ်တော်ထံကနေ လာတာဖြစ်တဲ့အတွက် ကျွန်တော် အမေ့ကို ဘာသာမပြောင်းစေနိုင်ပါဘူး”

ဒီလီရမ်ဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ ဟိန္ဒူမိသားစုမှာ မွေးဖွားကြီးပြင်းလာတာဖြစ်ပြီး သူ့အရင် မျိုးဆက် ၂၁ ဆက်ကအတိုင်း အသက် ၂၁ နှစ်မှာ ဘုန်းကြီး၀တ်ခဲ့ပါတယ်။ အသက် ၂၀ ကျော်အရွယ် တောင်ကိုရီးယားကိုသွားပြီး ပညာသင်ကြားတဲ့အချိန်မှာ ခရစ်ယာန်ဘာသာကို စတင်ထိတွေ့ခဲ့တာပါ။ 

“မိတ်ဆွေအပေါင်းအသင်းမရှိဘဲ ကျွန်တော် အထီးကျန်နေခဲ့တယ်။ လူတစ်ချို့က ကိုရီယားသမ္မာကျမ်းစာ နီပေါဘာသာပြန်ကို ပေးဖတ်တယ်။ နီပေါဘာသာပြန်ကို သူတို့ ရအောင်ရှာလာကြတာပါ”

သမ္မာကျမ်းစာဖတ်ပြီး တစ်ညမှာ ဘုရားသခင်ကို တွေ့ရှိသွားတယ်လို့ ဒီလီရမ်က ပြောပါတယ်။ 

“ရယ်စရာ၊ မယုံကြည်နိုင်စရာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကျွန်တော်က ဒီလို တစ်ကယ်ဖြစ်ခဲ့တာပါ”

နီပေါကိုပြန်ရောက်တဲ့အချိန်မှာ ဒီလီရမ်ဟာ မိသားစုရဲ့ ဖယ်ကျဥ်မှုကို ခံခဲ့ရပါတယ်။ 

“ခရစ်ယာန်ဘာသာဆိုတာ နိုင်ငံခြားက အယူ၀ါဒဖြစ်တယ်လို့ သူတို့ ပြောကြတယ်။ တစ်ချို့တွေက ကျွန်တော် ရူးသွားပြီ၊ အတိတ်မေ့သွားပြီပေါ့”

မိသားစုနဲ့ လူ့အဖွဲ့အစည်းက ပြန်လည်လက်ခံလာအောင် ဒီလီရမ်တစ်ယောက် အချိန်အတော်ကြာ ကြိုးစားခဲ့ရပါတယ်။ 

တောင်ကိုရီးယားကို ပညာသွားသင်တဲ့ နီပေါကျောင်းသားအရေအတွက်ဟာ တစ်နှစ်ကို ၂ ထောင်လောက်ရှိပါတယ်။ ဒီကျောင်းသားတွေကို ထိတွေ့ဖို့ ကိုရီးယားနိုင်ငံအတွင်းက ဘုရားကျောင်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်တယ်လို့ အမည်မဖော်လိုတဲ့ ကိုရီးယားလူမျိုး သာသနာပြုတစ်ယောက်က ပြောပါတယ်။

“နီပေါမှာ ဘုရားအလုပ်ကိုလုပ်ရတာ စိန်ခေါ်မှုရှိပါတယ်။ ဒါ့ကြောင့် တစ်ခြားနည်းလမ်းတွေ ကျွန်တော်တို့ သုံးရတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဘာသာပြောင်းသွားဖို့ပါ။ တရားဟောဆရာ ဒီလီ ရမ် ပေါ်ဒဲလ်ဟာ ငယ်ငယ်က ဟိန္ဒူဘုန်းကြီး ဖြစ်ပါတယ်။ ဘယ်လိုလူမျိုးမဆို ကျွန်တော်တို့ ဘာသာပြောင်းနိုင်ပါတယ်။ ဒါ့ကြောင့် လျှို့၀ှက်လှုပ်ရှားဖို့ လိုအပ်ပါတယ်”

တရားဟောဆရာ ပန်နဲ့ ဇနီးဖြစ်သူတို့ဟာ မြို့တော် ခတ္တာမန်ဒူမှာ ဘာသာရေးကျောင်းတစ်ခု ဖွင့်ထားပြီး လက်ရှိ တက်ရောက်တဲ့ကျောင်းသား ၅၀ လောက်ရှိပါတယ်။ ကိုရီးယား ခရစ်ယာန်ဘုရားကျောင်းတွေက ပညာရေးနဲ့ ဘော်ဒါဆောင် ကုန်ကျစားရိတ်အများစုကို ကျခံပါတယ်။ 

အဲဒီကျောင်းမှာ တက်ရောက်နေသူတစ်ဦးက အသက် ၂၂ နှစ်အရွယ် ဆာပါနာပါ။ ၀ေးလံခေါင်ဖျားတဲ့ စင်ဂန်မြို့ တမန်ရွာသူတစ်ဦး ဖြစ်ပါတယ်။ 

“ဘုရားကျောင်းသွားတဲ့သူတွေကို အဖေက မကြိုက်ဘူး။ ကျွန်မတို့ရိုးရာကို မမေ့သင့်ဘူးလို့ အဖေက ယုံကြည်ထားပါတယ်”

သူမ ကျန်းမာရေး အရမ်းဆိုးရွားနေတဲ့အချိန်မှာ ဦးလေးဖြစ်သူက ခရစ်ယာန်ဘာသာအကြောင်း မိတ်ဆက်ပေးလာပါတယ်။ ဘာသာပြောင်းပြီးတဲ့နောက် ကျန်းမာရေး ကောင်းမွန်လာတယ်လို့  ဆာပါနာက ပြောပါတယ်။ 

“ခရစ်တော်အတွက် ကျွန်မ အသက်ရှင်ချင်တာကြောင့် ခရစ်တော်ကလည်း ကျွန်မကို ချစ်လာပါတယ်”

သူမနေထိုင်တဲ့ ၀ေးလံခေါင်ဖျားရွာတွေဟာ ပန်ချန်အင်တို့လို သာသနာပြုတွေအတွက် ပစ်မှတ်အသစ်တွေ ဖြစ်ပါတယ်။ 

“မြို့ကြီးတွေမှာဆိုရင် ဘာသာပြောင်းမှု တားဆီးရေးဥပဒေကို ပိုပြီးကျင့်သုံးလာနိုင်တယ်။ တောရွာတွေမှာတော့ သိပ်ပြီး သတိမထားမိကြပါဘူး” လို့ ပန်ကပြောပါတယ်။ 

ဆာပါနာဟာ ပြီးခဲ့တဲ့နှစ်က သူတက်နေတဲ့ ခရစ်ယာန်ဘာသာရေးကျောင်းကနေ ဘွဲ့ရခဲ့ပါတယ်။ အခုသူမဟာ ရွာပြန်ပြီး လူငယ်တွေကို အသင်းတော်ရဲ့ အစိတ်အပိုင်းဖြစ်လာအောင်လုပ်ဖို့ စီစဥ်နေပါပြီ။ 

“ခရစ်တော်ရဲ့ သတင်းစကား မရောက်သေးတဲ့ နေရာသစ်တွေကို သွားပြီး သာသနာပြုသွားမှာပါ” 

ဘုရားနှုတ်ကပတ်တော်တွေကို ဖြန့်ဖြူးမှုကြောင့် ရှိပြီးသား ဘာသာရေး၊ ယဥ်ကျေးမှုအမှတ်သညာတွေနဲ့ ထိပ်တိုက်တွေ့လာနိုင်တာကို ပန်ချန်အင်က လက်ခံပါတယ်။

ဒါပေမယ့် ယဥ်ကျေးမှုထိပ်တိုက်တွေ့ခြင်းဆိုတာ ရှောင်လို့မရတဲ့ ကိစ္စမျိုးလို့ သူက မှတ်ယူကာ ဆက်လက် သာသနာပြုနေမှာ ဖြစ်ပါတယ်။ 

Ref : CNA 

Tags:

Comments are closed.