ဖေဖော်၀ါရီ ၁၃၊ ၂၀၂၃
M-Media
-တောင်တရုတ်ပင်လယ်က အငြင်းပွား ရေပိုင်နက်အနီးမှာ တရုတ်ဖက်က လေဆာနဲ့ပစ်တာကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့၀င်အချို့ ခေတ္တ အမြင်အာရုံဆုံးရှုံးသွားတယ်လို့ ဖိလစ်ပိုင်စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ဖိလစ်ပိုင်က ထိန်းချုပ်ထားတဲ့ Second Thomas Shoal ကျွန်းအနီး ရေပြင်မှာ ဖေဖော်၀ါရီ ၆ရက်နေ့က တရုတ်ကမ်းခြေစောင့် သင်္ဘောတစ်စီး ၀င်လာတဲ့အတွက် ဖိလစ်ပိုင်ဖက်က ဟန့်တားဖို့ ကြိုးစားရာမှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။
တရုတ်သင်္ဘောက အစိမ်းရောင်လေဆာနဲ့ နှစ်ချက်ထိုးခဲ့ပြီး မိမိတို့ စစ်သည်တစ်ချို့ ခေတ္တ အမြင်အာရုံဆုံးရှုံးခဲ့တယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကွမ်မိုဒိုရီ အာမန် ဘာလီလိုက ပြောပါတယ်။
တရုတ်ဖက်ကတော့ ဒီကိစ္စအတွက် ထုတ်ပြန်မှု မရှိသေးပါဘူး။
၂၀၂၂ ခုနှစ်အတွင်း တောင်တရုတ်ပင်လယ် အငြင်းပွားပိုင်နက်တွေမှာ တရုတ်ဖက်က ရန်လိုတဲ့ အပြုအမူကြောင့် သံတမန်သတိထောက်လွှာ အကြိမ် ၂၀၀ နီးပါး ပေးပို့ခဲ့ရတယ်လို့ ဖိလစ်ပိုင်က ဆိုပါတယ်။ တရုတ်ဖက်ကတော့ ဒီလုပ်ရပ်တွေကို ရပ်တန့်ခြင်း မရှိပါဘူး။
တရုတ်နဲ့ ဖိလစ်ပိုင်တို့ရဲ့ တောင်တရုတ်ပင်လယ် ထိပ်တိုက်တွေ့ဆုံမှုအတွင်း တရုတ်ဖက်က ပထမဆုံး အကြိမ် လေဆာနဲ့ တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။
Ref: CNA
Comments