သြဂုတ် ၂၊ ၂၀၂၃
M-Media
-နျူကလီးယားလက်နက်တွေကို စီမံကွပ်ကဲနေတဲ့ တပ်ဖွဲ့ရဲ့ ခေါင်းဆောင်နှစ်ယောက်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖယ်ရှားပြီး အစားထိုး ခန့်အပ်ခဲ့ပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ရဲ့ ဒုံးကျည်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် လီယီချိုနဲ့ သူ့လက်ထောက်တို့ဟာ လူမြင်ကွင်းကနေ လအတော်ကြာ ပျောက်နေခဲ့တာပါ။
သူတို့နေရာကို ရေတပ် ဒုတိယအကြီးအကဲဟောင်း ၀မ်ဟိုဘင်၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၀င် ရွှီဇီရှန်းတို့နဲ့ အစားထိုးလိုက်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထွက်လာပါတယ်။
ဒါဟာ တရုတ်စစ်တပ် ခေါင်းဆောင်ပိုင်းမှာ ၁၀ စုနှစ်တစ်ခုအတွင်း စီစဥ်ထားခြင်းမရှိဘဲ အံ့အားသင့်ဖွယ် ပြောင်းလဲမှု ဖြစ်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့အာဏာကို ပြိုင်ဖက်ကင်း စုစည်းနိုင်အောင် ကြိုးစားမှုတစ်ခုလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ဗိုလ်ချုပ် လီယီချိုနဲ့ သူ့ရဲ့လက်ထောက်၊ ဒုံးကျည်တပ်ဖွဲ့ရဲ့ ဒုတိယအကြီးအကဲဟောင်းတို့ဟာ ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရတယ်လို့ South China Morning Post က ပြီးခဲ့တဲ့တစ်ပတ်မှာ ဖော်ပြပါတယ်။
သမ္မတရှီက ပါတီဟာ စစ်တပ်အပေါ် အကြွင်းမဲ့ ခေါင်းဆောင်နိုင်ရေး ကိစ္စနဲ့ပတ်သက်ပြီး ပြဿနာရှိနေတဲ့အတွက် ဒါကို ဖြေရှင်းဖို့ လိုအပ်နေကြောင်း ပြီးခဲ့တဲ့လက ပြုလုပ်တဲ့ အစည်းအ၀ေးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
Ref: BBC
Comments