သြဂုတ် ၂၇၊ ၂၀၂၃
M-Media
-မြန်မာအာဏာသိမ်းစစ်ကောင်စီက သံအမတ်ကို တိုင်းပြည်က နှင်ထုတ်မှုကို တီမောလက်စ်တေက ရှုတ်ချလိုက်ပါတယ်။
တီမောလက်စ်တေ တာ၀န်ရှိသူတွေဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေကို ပြင်းပြင်းထန်ထန် ၀ေဖန်ခဲ့ကြတာပါ။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေလည်း ပြုလုပ်ထားပါတယ်။
မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေး၀န်ကြီးဌာနက တီမောလက်စ်တေအစိုးရရဲ့ လုပ်ရပ်တွေဟာ တာ၀န်ယူမှုကင်းမဲ့တယ်လို့ ၀ေဖန်ခဲ့ပြီး သံအမတ်ကိုလည်း စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားကာ တိုင်းပြည်ကနေ ထွက်ခွာဖို့ ညွှန်ကြားထားကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
တီမောလက်စ်တေကတော့ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားလာရေး နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဖို့ အရေးကြီးကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
စစ်ကောင်စီကိုတော့ လူ့အခွင့်အရေးကို လေးစားဖို့၊ ငြိမ်းချမ်းပြီး အပြုသဘောဆောင်တဲ့ အဖြေတစ်ခုရှာဖို့ တီမောလက်စ်တေက ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။
Ref: Reuters
Comments