စက်တင်ဘာ ၁၆၊ ၂၀၂၃
M-Media
-စစ်ကောင်စီက တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးပြီး တရုတ်နိုင်ငံဖက် လွှဲပြောင်းပေးလိုက်တာဟာ နှစ်ဖက်ဆက်ဆံရေး ပိုမိုနီးကပ်လာတာကို ဖော်ပြနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း လက်နက်ကိုင်တွေကြီးစိုးတဲ့ ဒေသတွေမှာ တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ထားတယ်ဆိုတဲ့ သတင်း ထွက်နေတာ ကြာပါပြီ။
အရှေ့တောင်အာရှနဲ့ အာရှတစ်၀ိုက်က လူတွေကို လူကုန်ကူးကာ ဒီလုပ်ငန်းတွေမှာ အဓမ္မခိုင်းစေတဲ့ သတင်းတွေကိုလည်း ဒေသတွင်း မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်း၀င် တရုတ်နိုင်ငံသား ၂၆၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးကာ တရုတ်နိုင်ငံဖက် လွှဲပေးခဲ့သလို၊ နောက်ထပ် ငွေလိမ်သမား ၁၂၀၀ ကျော်ကိုလည်း ပြီးခဲ့တဲ့ သောကြာနေ့မှာ မြန်မာဖက်က တရုတ်ကို လွှဲပြောင်းပေးခဲ့ပါတယ်။
Curtin တက္ကသိုလ် နိုင်ငံတကာစီးပွားရေးဌာနက လက်ထောက်ပါမောက္ခဖြစ်တဲ့ ဒေါ်ထွေးထွေးသိန်းက ဒီရလဒ်ကိုကြည့်ရင် တရုတ်နဲ့ စစ်ကောင်စီအကြား ပူးပေါင်းဆောင်ရွက်မှုကို မြင်နိုင်တယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံက စစ်အစိုးရနဲ့ တရုတ်တို့အကြား နီးကပ်ခိုင်မာတဲ့ ဆက်ဆံရေး ရှိနေတယ်ဆိုတာကို ဒါက ပြသနေတာပါ။ မိတ်ဆွေနည်းနေတဲ့ စစ်အစိုးရမှာ ဒီလို ဆောင်ရွက်မှုတွေက ဆက်ဆံရေးကောင်းမွန်ဖို့၊ ဒေသတွင်း ရပ်တည်မှု အားကောင်းဖို့ အခွင့်အလမ်းတစ်ခုလို့လည်း ပြောလို့ရပါတယ်”
S. Rajaratnam School of International Studies အဖွဲ့က တရုတ်ရေးရာဌာန လက်ထောက် ပရော်ဖက်ဆာ ဘင်ယာမင် ဟိုက ဆိုက်ဘာရာဇ၀တ်မှုကို တရုတ်က နှိမ်နှင်းဖို့ ကြိုးစားရာမှာ မြန်မာစစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါ၀င်တယ်လို့ ပြောပါတယ်။
“နိုင်ငံတကာမှာ စစ်ကောင်စီက မိတ်ကောင်းဆွေကောင်း သိပ်မရှိဘူး။ ဒါကြောင့် တရုတ်ကို မှီခိုရုံကလွဲပြီး သူတို့မှာ ရွေးချယ်စရာ မရှိပါဘူး”
မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့က တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ တရုတ်နိုင်ငံသား အများအပြား လူကုန်ကူး နှိပ်စက်ခံရပြီးနောက်ပိုင်း တရုတ်အစိုးရက ဒီလုပ်ငန်းတွေကို နှိမ်နှင်းဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်ဖြစ် ဒန်ရှီကျွမ်းကို ပြီးခဲ့တဲ့နှစ်မှာ ခန့်အပ်ခဲ့ပါတယ်။
တာ၀န်ယူပြီးနောက်ပိုင်း ရှီကျွမ်းဟာ စစ်ကောင်စီကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ အွန်လိုင်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ ဖိဖိစီးစီး ဆောင်ရွက်ခဲ့ပြီး အခုလို ရလဒ်မျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Ref : South China Morning Post
Comments