စက်တင်ဘာ ၂၈၊ ၂၀၂၃
M-Media
-Tiktok မှာ လှောင်ပြောင်တဲ့ ဗီဒီယို တင်တာကြောင့် အသင်းကို တရားစွဲသွားမယ်လို့ တိုက်စစ်မှူး ဗစ်တာ အိုဆိုင်မန်က ခြိမ်းခြောက်လိုက်ပါတယ်။
မနှစ်က စီးရီးအေချန်ပီယံဖြစ်ခဲ့တဲ့ နာပိုလီအသင်းမှာ အိုဆိုင်မန်ဟာ အရေးပါတဲ့နေရာကနေ ပါ၀င်ခဲ့တာပါ။
ပြီးခဲ့တဲ့စနေနေ့ ဘိုလော့နာအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲအပြီးမှာတော့ အကွဲအပြဲဇာတ်လမ်းတစ်ခု စခဲ့ပါတယ်။
ပွဲမှာ ပင်နယ်တီမ၀င်တဲ့ အိုဆိုင်မန်ကို လှောင်ပြောင်တဲ့ ဗီဒီယိုတစ်ခု Tiktok မှာ အသင်းက တင်ခဲ့တာပါ။ နောက်ပိုင်းမှ ၀ေဖန်မှုတွေကြောင့် ပြန်ဖျက်သွားခဲ့ပါတယ်။
အိုဆိုင်မန်ရဲ့ အေးဂျင့်ဖြစ်သူ ရော်ဘတ်တို ကလင်ဒါက ဒီလုပ်ရပ်ဟာ လက်သင့်မခံနိုင်စရာ လုပ်ရပ်မျိုးဖြစ်တယ်လို့ ပြောပါတယ်။
ကစားသမားကို ကာကွယ်ဖို့အတွက် မိမိတို့မှာ ဥပဒေလမ်းကြောင်းအရ အခွင့်အရေးရှိတယ်လို့လည်း ကလင်ဒါက ဆိုပါတယ်။
ဘိုလော့နာနဲ့ပွဲမှာ အိုဆိုင်မန်ဟာ နည်းပြ ရူဒီ ဂါစီယာနဲ့လည်း မကျေမလည်ဖြစ်ခဲ့ပါတယ်။ ပွဲပြီးဖို့ ၄ မိနစ်အလိုမှာ လူစားလဲခဲ့မှုအတွက် အိုဆိုင်မန်က ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။
နာပိုလီအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ရှိတဲ့ အိုဆိုင်မန်ဟာ သက်တမ်းထပ်တိုးဖို့ကိစ္စ ပျက်ပြယ်ခဲ့ပါတယ်။ လက်ရှိမှာတော့ မန်ယူအသင်းက ခေါ်ယူဖို့ စိတ်၀င်စားနေပါတယ်။
Ref: Sky News
Comments