အောက်တိုဘာ ၂၃၊ ၂၀၂၃
M-Media
-ဂါဇာကမ်းမြှောင်မှာ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး မနေ့က ဒုက္ခသည်စခန်းနဲ့ ဆေးရုံတွေကို ပစ်မှတ်ထားခဲ့တာကြောင့် အများအပြား သေဆုံးခဲ့ပါတယ်။
ဂျာဘာလီယာ ဒုက္ခသည်စခန်းက အဆောက်အဦးတွေကို ဗုံးကြဲတိုက်ခိုက်မှုမှာ လူ ၃၀ လောက် သေဆုံးခဲ့ပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ် ဂျူးလက်နက်ကိုင်တွေလက်ချက်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ပါလက်စတိုင်းဒုက္ခသည်တွေ နေထိုင်ရာ ဒုက္ခသည်စခန်း ဂါဇာမှာ ၈ ခုရှိပြီး ဂျာဘာလီယာက အကြီးဆုံးဖြစ်ပါတယ်။
ဒဏ်ရာရသူက အနည်းဆုံး ၂၇ ဦးရှိပါတယ်။ ဂါဇာမှာရှိတဲ့ အင်ဒိုနီးရှားဆေးရုံ ဒါရိုက်တာက ဆေး၀ါးပစ္စည်းတွေ၊ ကိရိယာတွေ ပြတ်တောက်နေတာကြောင့် ထိထိရောက်ရောက် ကုသမှု မပေးနိုင်ဘူးလို့ ပြောပါတယ်။
ဂါဇာရဲ့ အလ်-ရှီဖာ၊ အလ်-ကွဒ်စ်နဲ့ အင်ဒိုနီးရှား ဆေးရုံတွေ တစ်၀ိုက်မှာလည်း အစ္စရေးက ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မနေ့ကတစ်ရက်အတွင်း အစ္စရေးလက်ချက်ကြောင့် ဂါဇာမှာ အနည်းဆုံး လူ ၄၀၀ သေဆုံးခဲ့ပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။
ဂါဇာပြည်သူတွေကို လေကြောင်းကနေ အစ္စရေးက ဗုံးကြဲတိုက်ခိုက်လာတာ ၁၆ ရက်ရှိလာပြီဖြစ်ပြီး သေဆုံးသူ ၄၆၅၁ ဦးရှိကာ၊ ဒဏ်ရာရသူအရေအတွက်က ၁၄၂၄၅ ဦး ရှိနေပါတယ်။
Ref: Aljazeera
Comments