နို၀င်ဘာ ၂၀၊ ၂၀၂၃
M-Media

-အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က တီထွင်ထုတ်လုပ်ထားတဲ့ လက်နက်အသစ်အဆန်းတွေကို အဓိပတိ အယာတိုလာ အလီ ခါမေနီက နို၀င်ဘာ ၁၉ ရက်နေ့မှာ သွားရောက်ကြည့်ရှုခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ ပြည်တွင်းဖြစ် အသံထက်မြန်တဲ့ဒုံးကျည် Fattah ကို အဆင့်မြှင့်တင်ထားတဲ့ ဒုံးကျည်အပါအ၀င်၊ ဒရုန်းအသစ်၊ လေကြောင်းရန် ကာကွယ်ရေးစနစ် အသစ်တွေကို အီရန်က ထုတ်ပြခဲ့ပါတယ်။
Fattah ဒုံးကျည်ကို အခုနှစ်ဇွန်လမှာ အီရန်က ထုတ်ပြခဲ့ပြီး တစက္ကန့်ကို ၃ ဒဿမ ၂ မိုင်အထိ သွားနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်၊ ရုရှားတို့လို အသံထက်မြန်တဲ့ဒုံးကျည် ပိုင်ဆိုင်တဲ့ လက်တစ်ဆုပ်စာ နိုင်ငံတွေစာရင်းမှာ အီရန်က ပါ၀င်လာတာပါ။
မနေ့ကပြသတဲ့ Fattah II ဒုံးကျည်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို အီရန်က မထုတ်ပြန်ပါဘူး။
အရင်ထုတ်ထားတဲ့ Shahed ဒရုန်းကို အဆင့်မြှင့်တင်ထားတဲ့ ‘Gaza’ ဒရုန်း၊ တာတိုနဲ့ တာလတ်ပစ် ဒုံးခွင်းစနစ် 9-Dey ကို အဆင့်မြှင့်တင်ထားမှုတွေကိုလည်း တော်လှန်ရေးအစောင့်တပ်ဖွဲ့က အဓိပတိ ခါမေနီကို ပြသခဲ့ပါတယ်။
မနေ့က ပြပွဲမှာ ဒုံးခွင်းစနစ်အသစ် Mehran ကိုလည်း အီရန်က ထုတ်ပြပါတယ်။ ဒီစနစ်ဟာ လောင်စာတောင့်အသုံးပြုတဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်နိုင်ပါတယ်။
ခါမေနီဟာ မနေ့က အခမ်းအနားမှာ တစ်လအတွင်း ဂါဇာက ပါလက်စတိုင်းပြည်သူ ၁၃၀၀၀ ကျော်ကို သတ်ဖြတ်ထားတဲ့ အစ္စရေးနဲ့ သူတို့ကိုထောက်ခံတဲ့ အနောက်နိုင်ငံတွေကို ၀ေဖန်ရှုတ်ချခဲ့ပါတယ်။
Ref: Aljazeera
Comments