မေ ၂၉၊ ၂၀၂၄
M-Media
-အစ္စရေးရဲ့ လုပ်ရပ်တွေကြောင့် ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်ဒေသဟာ အငတ်ဘေးဆိုက်တဲ့ ဒေသတစ်ခု ဖြစ်လာပြီလို့ ပါလက်စတိုင်း အကူအညီပေးရေးကွန်ယက် PNGO က ပြောပါတယ်။
ဂါဇာကို အငတ်ဘေးဆိုက်ဇုန်အဖြစ် ကြေငြာဖို့ လိုအပ်နေတယ် လို့ ရာမာလာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ PNGO ဒါရိုက်တာ အမ်ဂျဒ် ရှာ၀ါက ပြောပါတယ်။
အစ္စရေးဟာ ပါလက်စတိုင်းပြည်သူတွေအပေါ် ပစ်မှတ်ထားကာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လက်ပြုလုပ်နေပြီး နိုင်ငံတကာက ပေးအပ်တဲ့ အကူအညီတွေကို ဂါဇာကမ်းမြှောင်ထဲ ၀င်ခွင့်မပေးပါဘူး။
ဂါဇာမှာ စစ်ရှောင်စခန်းတွေအကြား ရေဆိုးတွေ ပြန့်နှံ့နေပြီး သန့်စင်တဲ့ သောက်သုံးရေလည်း ပြတ်လပ်နေပြီလို့ အမ်ဂျဒ် ရှာ၀ါက ပြောပါတယ်။
အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ မြင်မြင်သမျှ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အခြေအနေတွေဟာ မိနစ်နဲ့အမျှ ဆိုးလာနေတယ်လို့လည်း သူက ဆိုပါတယ်။
ငတ်ပြတ်အောင် လုပ်နေသလား
အကူအညီပေးရေးအဖွဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ မိုဟာမက် အီဒါကလည်း အစ္စရေးဟာ ဂါဇာပြည်သူတွေ ငတ်ပြတ်လာအောင် ရည်ရွက်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ ၀ေဖန်ခဲ့ပါတယ်။
ဂါဇာပြည်သူတွေဟာ ငတ်မွတ်ခေါင်းပါးမှု၊ ဆေး၀ါးပြတ်လပ်မှု၊ ကလေးငယ်တွေအကြား အဟာရချို့တဲ့မှု၊ ရေဓာတ်မလုံလောက်မှု၊ ရေဆိုးပြန့်နှံ့မှုကြောင့် ကူးစက်ရောဂါတွေ ဖြစ်ပွားမှု စတဲ့ အခြေအနေဆိုးတွေကို တွေ့ကြုံ ခံစားနေရတယ်လို့ အီဒါက ပြောပါတယ်။
“ပြိုကျနေတဲ့ အဆောက်အဦးတွေကြားထဲ အလောင်းတော်တော်များများ ပိတ်မိနေတယ်။ တစ်ချို့အလောင်းတွေကလည်း လမ်းပေါ်မှာ ပြန့်ကျဲနေပါတယ်။ ဂါဇာကမ်းမြှောင်က ပြည်သူတွေ ငတ်မွတ်ခေါင်းပါးပြီး နေရပ်စွန့်ခွာသွားအောင် အစ္စရေးက ရည်ရွယ်လုပ်ဆောင်နေတာလား”
၁၉၇၇ ခုနှစ် ဂျီနီဗာကွန်ဗန်းရှင်းရဲ့ အပိုဒ် ၁၄ အရ နယ်မြေတစ်ခုကို ကျူးကျော်တိုက်ခိုက်ပြီး ပြည်သူတွေကို ငတ်မွတ်ခေါင်းပါးအောင် လုပ်ဆောင်တာ၊ အသက်ရှင်ရပ်တည်ဖို့ လိုအပ်တဲ့ အခြေခံ အဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးတာတွေဟာ ရာဇ၀တ်မှုမြောက်တယ်လို့လည်း အီဒါက ထောက်ပြပြောဆိုခဲ့ပါတယ်။
Ref: Aljazeera
Comments