သြဂုတ် ၈၊ ၂၀၂၄
M-Media
-ကျောင်းသားနဲ့ လူထုလှုပ်ရှားမှုကြောင့် ရှိခ်ဟာဆီနာအစိုးရ ပြုတ်ကျသွားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်စ်ဟာ သြဂုတ်လ ၈ ရက်နေ့မှာ ပြင်သစ်နိုင်ငံကနေ ပြန်ရောက်လာပါတယ်။
ကျောင်းသားခေါင်းဆောင်တွေက တောင်းဆိုထားတဲ့အတိုင်း ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ကလည်း မိုဟာမက် ယူနွတ်စ်ကို ကြားဖြတ်အစိုးရဖွဲ့ဖို့ တာ၀န်ပေးထားပါတယ်။
“အိမ်ပြန်ရောက်လာတဲ့အတွက် ၀မ်းသာမိပါတယ်” လို့ မိုဟာမက် ယူနွတ်စ်က ဒါကာမြို့ လေဆိပ်ကို ရောက်ပြီးနောက်ပိုင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မိုဟာမက် ယူနွတ်စ်ဟာ သမ္မတ ရှာဟာဘူဒင်၊ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ၀ါကာ အူဇမန်တို့နဲ့ အစည်းအ၀ေးပြုလုပ်မှာ ဖြစ်ပြီး အဲဒီနောက် ဒေသစံတော်ချိန် ည ၈ နာရီမှာ ကြားဖြတ်အစိုးရကို ဖွဲ့စည်း ကြေငြာမှာ ဖြစ်ပါတယ်။
ကြားဖြတ်အစိုးရဟာ ရွေးကောက်ပွဲ ပြုလုပ်ပြီးတဲ့အထိ တာ၀န်ယူထားရမှာပါ။
“ဒီကနေ့ဟာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာနေ့ပါ။ ဘင်္ဂလားဒေ့ရှ်ရဲ့ အောင်ပွဲနေ့သစ်လည်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ဒုတိယအကြိမ်မြောက်လွတ်လပ်ရေးကို ရရှိခဲ့ပါပြီ” လို့ အသက် ၈၄ နှစ်အရွယ် မိုဟာမက် ယူနွတ်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
၀န်ကြီးချုပ်ဟောင်း ရှိခ်ဟာဆီနာရဲ့ အုပ်ချုပ်မှုသက်တမ်းဟာ ၁၅ နှစ် ကြာမြင့်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စီးပွားရေးလည်း တိုးတက်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လူထုနဲ့ နိုင်ငံရေး အတိုက်အခံတွေအပေါ် ဖိနှိပ်မှုတွေ လုပ်ဆောင်လာခဲ့ပြီးတဲ့နောက် လူကြိုက်များမှု ကျဆင်းလာခဲ့ပါတယ်။
တိုင်းပြည်လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သူတွေရဲ့ မျိုးဆက်ကို အစိုးရ အလုပ်အကိုင်တွေမှာ ဦးစားပေးရမယ်ဆိုတဲ့ ဥပဒေမျိုး ထွက်လာပြီးတဲ့နောက် လူထုက လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး နောက်ဆုံးမှာ ရှိခ်ဟာဆီနာဟာ တိုင်းပြည်ကနေ ထွက်ပြေးခဲ့ရပါတယ်။
Ref: Aljazeera
Comments