News @ M-Media
Author: editor
  • လူသတ်ရန် လမ်းပေါ်ထွက် အော်ဟစ်ခြိမ်းခြောက်သူကို ရန်ကုန်ရဲပြန်လွှတ်
    လူသတ်ရန် လမ်းပေါ်ထွက် အော်ဟစ်ခြိမ်းခြောက်သူကို ရန်ကုန်ရဲပြန်လွှတ်
    လမ်းပေါ်တွင် အော်ဟစ်ခြိမ်းခြောက်ခြင်းသည် သွေးထိုးလှုံ့ဆော်ခြင်းမဟုတ်ဟု ရန်ကုန်ရဲက ယူဆနေသည်
    Myanmar Now
    ရန်ကုန် (Myanmar Now) — စက်တင်ဘာ ၁၂ ရက် ည ၁ဝ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်း မွတ်စလင်ဘာသာဝင်များကို သတ်ပစ်မည်ဟု တစ်လမ်းဝင် တစ်လမ်းထွက် အော်ဟစ်နေသူကို ဒေသခံပြည်သူတို့ ဝိုင်းဝန်း ဖမ်းဆီးခဲ့သော်လည်း ရဲတပ်ဖွဲ့က ထိုသူ့ကို ညတွင်းချင်း ပြန်လွှတ်ပေးခဲ့သည်။
    “ကုလားတွေ ဒီလမ်းထဲမှာရှိရင် ထွက်ခဲ့။ ကုလားကို သတ်မယ်။ မွတ်စလင်တွေကို ပြောတာ၊ ဟိန္ဒူတွေ မပါဘူး” ဟု အသက် ၂၇ နှစ် အရွယ်ခန့်ရှိသူ အမျိုးသားတစ်ဦးက လင်းလွန်းတောင်ရပ်ကွက်ရှိ ရွှေလောင်းလမ်း၊ ဝါးခယ်မလမ်း နှင့် ကျိုက်လတ်လမ်းများတွင် ဝင်ရောက်၍ အော်ဟစ်ခဲ့သည်။
    ကျိုက်လတ်လမ်းအရောက်တွင် ရပ်ကွက်သူရပ်ကွက်သားများက ထိုသူကို ဖမ်းဆီး၍ ရဲထံ အပ်နှံခဲ့ကြောင်း၊ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့က လာရောက်အပ်နှံသူများကိုယ်တိုင် အမှုဖွင့်ရန် ပြောဆိုရာ အာဏာပိုင်တို့ကိုယ်တိုင် အရေးယူမည်ဟု ယူဆပြီး အမှုမဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးရာတွင် ပါဝင်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစိန်လှိုင်က ဆိုသည်။
    ထိုကဲ့သို့ အော်ဟစ်ခဲ့သူအောင်သိန်းထွေးသည် ကြည့်မြင်တိုင်ဘူတာတွင် မီးရထားဝန်ထမ်းအဖြစ် လုပ်ကိုင်နေပြီး ဘူတာရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်ကြောင်း DVB သတင်းဌာန သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
    ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောအခြေအနေများကြောင့် လူမျိုးရေးဘာသာရေး အပေါ်အခြေခံ၍ သွေးထိုးလှုံ့ဆော်ခြင်း၊ နိုင်ငံရေးအရ အမြတ်ထုတ်ရန် အဓိကရုဏ်း ဖန်တီးခြင်းတို့ ပြုလုပ်မည်ကို ပြည်သူအများ စိုးရိမ်မကင်းဖြစ်နေချိန်ဖြစ်သည်။
    သို့သော်လည်း မတူညီသည့် ကိုးကွယ်ယုံကြည်မှုများအပေါ်အခြေခံပြီး လူသတ်ရန်အော်ဟစ်ခဲ့သူ အောင်သိန်းထွေးမှာ သူ့ခံစားချက်များကို ပေါက်ကွဲသွားခြင်းသာဖြစ်ပြီး၊ မည်သည့် ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်မှုများ မလုပ်ခဲ့သဖြင့် အမှုမဖွင့်ဘဲ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်လပြည့်က Myanmar Now ကို ပြောကြားသည်။
    “သူ့ဟာသူ ဖီးလ်ဖြစ်ပြီး (ခံစားချက် ပြင်းထန်ပြီး) ပေါက်ကွဲတာပါ။ တခြား သွေးထိုးလှုံ့ဆော်တာ မရှိပါဘူး” ဟု ၎င်းက စက်တင်ဘာ ၁၃ ရက်နေ့တွင် ပြောကြားသည်။
    သမ္မတ ဦးထင်ကျော်က စက်တာဘာ ၆ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ အပါအဝင် စစ်ဘက်အရပ်ဘက် ခေါင်းဆောင်များကို တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အခြေအနေများကြောင့် ပြည်သူတို့၏ စိုးရိမ်ပူပန်မှုများကို အသုံးချပြီး ယုံကြည်မှု အစွန်းရောက်သူများက ဆူပူမှု ဖြစ်အောင် လုပ်မည် ဆိုသည့် အန္တရာယ်ကလည်း ရှိနေပြန်ကြောင်း၊ ဤသို့သော အခြေအနေမျိုးတွင် လုံခြုံရေးအဖွဲ့အစည်းများ အနေဖြင့် ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဟန့်တားပေးရမည် ဖြစ်ကြောင်း ပြောကြားထားသည်။
    ##
    စက်တင်ဘာ ၁၂ ညပိုင်းက စမ်းချောင်းမြို့နယ်တွင် လမ်းပေါ်ထွက်ပြီး ဆူပူလှုံ့ဆော်နေသူကို ရပ်ကွက်အတွင်း နေထိုင်သူတို့က ဖမ်းဆီးပြီး ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့သည် (ဓာတ်ပုံ – စမ်းချောင်းမြို့နယ် ဒေသခံများ)
    Myanmar Now မှ ကူးယူဖော်ပြသည်။
  • လက်​ရှိဖြစ်​ပွား​နေ​သော အကြမ်းဖက်​မှုများ၊ ​ကောလဟလများ အ​ပေါ် မြန်မာမွတ်စလင်မ် ​လူငယ်​များ၏ သ​ဘောထားအမြင်
    လက်​ရှိဖြစ်​ပွား​နေ​သော အကြမ်းဖက်​မှုများ၊ ​ကောလဟလများ အ​ပေါ် မြန်မာမွတ်စလင်မ် ​လူငယ်​များ၏ သ​ဘောထားအမြင်
    စီစဉ်ရိုက်ကူးသူ မြန်မာမွတ်စလင်မ် လူငယ်တဦး
    M-Media သို့ ဆက်သွယ်၍ ပေးပို့လာခြင်းဖြစ်ပါသည်။
  • လတ်တလော အခြေအနေတွေအပေါ် မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းက ဘာပြောကြသလဲ
    လတ်တလော အခြေအနေတွေအပေါ် မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းက ဘာပြောကြသလဲ
    လတ်တလောဖြစ်ပေါ်နေသည့် ရခိုင်အရေးဖြစ်စဉ်၊ လူမျိုးရေး ဘာသာရေး လှုံ့ဆော်မှုများ နှင့် ပတ်သက်ပြီး မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းက ဘာပြောကြသလဲ၊
  • ​တောင်​တွင်းကြီးမြို့ ဖျက်ဆီးလုယက်မှု ဖြစ်စဉ်အကြောင်း ဒေသခံတွေ ပြောပြချက်
    စက်တင်ဘာ ၁၁ ၊ ၂၀၁၇
    M-Media
    သတင်း-ကောင်းဆက်
    ယမန်နေ့ည ၇နာရီ ၄၅ ခနု့်တွင် တောင်​တွင်းကြီးမြို့ ​ရွှေအိုး၂ ရပ်​ကွက်​၊ အုန်း​တော၂လမ်း နှင့်​ မ​ကွေးလမ်းမကြီး​တ​လျောက်​ ဆိုင်​များ ကို တုတ်၊ဓါးလက်နက်များကိုင်ဆောင်သည့် လူအုပ်စုတစုမှ ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြပါတယ်။
    .
    ဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်တွင်းကြိး ဒေသခံတွေရဲ့ ပြောပြချက်အရ
    .
    အခင်းမဖြစ်ပွားခင် ၁ ရက်အလို
    ——————————–
    စက်တင်ဘာ ၉ ရက်နေ့ ထိ ရခိုင်​​ဒေသ ဒုက္ခသည်​များအတွက်​ ​တောင်​တွင်းကြီး အစ္စလာမ်​ဘာသာဝင်​များ တစ်​ဦးချင်းနှင့်​ အဖွဲ့လိုက်​ လှူဒါန်းကြ​ငွေမှာ စုစု​ပေါင်း ၅သိန်း​ကျော်​ လှူဒါန်းခဲ့ကြောင်း၊ ပဋိပက္ခများ မဖြစ်ပွားစေရန် အတွက် ဘာသာ​ပေါင်းစုံ အစည်းအ​ဝေးလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
    .
    စနစ်တကျ လုပ်ဆောင်သည့် ဖျက်ဆီးလုယက်မှုဖြစ်
    ——————————————–
    ယခု ဖြစ်စဉ်ဟာ တဖက်​သတ်​ အကြမ်းဖက်​ လုယက်​ကြဖြစ်ကြောင်း၊ ဘာပြဿနာမှ မရှိဘဲ စနစ်​တကျ စီစဉ်​ပြီး အမည်​စာရင်းနှင့်​တကွ လိုက်​ ဖျက်​ဆီးတာဖြစ်ကြောင်း၊ ​ရွှေအိုးအပိုင်း ရှိ မွတ်​စလင်​အိမ် နှင့် ဆိုင​များ ဖျက်​ဆီးပြီး မ​ကွေးလမ်းတ​လျောက်​ ဆက်​လက်​ ဖျက်​ဆီးကြကြောင်း၊ အဖွဲ့ တဖွဲ့ပြီး တဖွဲ့ ဖြင့် သုံး​လေးကြိမ်​ ပြန်​လာ၍ ဖျက်ဆီးကြကြောင်း၊ အဆိုပါ အကြမ်းဖက် ရမ်းကားသူများတွင် တုတ်​ ဓား ​လေးခွ ပုဆိန်​ လက်​နက်​အစုံပါကြောင်း ၉၆၉ သီချင်းများ၊ အမျိုးဘာသာ ​ကျွေး​ကျော်​သံများ၊ နိုင်​ငံ​တော်​ သီချင်း သံပြိုင်​ဆို၍ လုယက်​ ဖျက်​ဆီးကြောင်း၊ လူမျိုးခြားတွေကို သတ်​ ရိုက်​ ဟုလည်း ​အော်​ဟစ်​​ကြကြောင်း၊ အဖွဲ့ ၂ဖွဲ့၃ဖွဲ့ ဖြစ်​ဖို့များကြောင်း၊ ​ရွှေအိုးရပ်​၊ ၅၅၀ ရပ်​၊ သဖန်းကုန်းရွာ တို့မှ လူများအပါအဝင်​ ​ဒေသခံ အများအပြား ပါဝင်​​ကြောင်း ပြောပါတယ်။
    .
    အိမ်နီးချင်း ဗုဒ္ဓဘာသာဝင်များမှ ခေါ်ယူ စောင့်ရှောက်
    ————————————————
    ဘယ်​​နေရာပြီး ဘယ်​​နေရာဟု စနစ်​တကျ စီစဉ်​ ညွှန်​ကြားသူ ပါ​နေပြီး လွယ်​အိတ်​လွယ်​ ဦးထုတ်​​ဆောင်းထားသူက လမ်းညွှန်​​နေတာတွေ့ရကြောင်း အိမ်​များ ဆိုင်​များ တံခါးများကို ထုရိုက်​ဖျက်​ဆီးပြီး တန်​ဖိုးကြီးပစ္စည်းများလုယက်​ပြီး ကျန်​တာ​တွေ ဖျက်​ဆီးသွားခဲ့ကြကြောင်း၊ ​ဒေသခံ အစ္စလာမ်​ဘာသာဝင်​များ ​ဘေးလွတ်​ရာ ​ရှောင်​​နေရ​ကြောင်း၊ လူ့အသက်​ အန္တရာယ်​မဖြစ်​ဖို့ အဓိကထား​နေရ​ကြောင်း၊ ဖျက်​ဆီး​ လုယက်​​နေစဉ်​ လုံခြုံ​ရေး လုံးဝ မလာ​ကြောင်း ​ဒေသခံများမှ ​ပြောပါတယ်​။
    .
    အသက်အန္တရာယ် စိုးရိမ်ရတဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေကို အခင်ဖြစ်တဲ့ ရပ်ကွက်မှ အိမ်နီးနားချင်း ဗုဒ္ဓဘာသာဝင်များ ခေါ်ယူ စောင့်ရှောက်ခဲ့ကြောင်း လည်း သိရပါတယ်။
    အကြမ်းဖက် လုယက် ဖျက်ဆီးခံရမှု အချို့
    ——————————————
    မ​ကွေးလမ်းတ​လျောက်​ အခြားဖျက်​ဆီးခံရသူများက​တော့ ​​ဗလီ​ရှေ့ မှ ဆိုင်​များ၊ ရပ်​ထား​သော သုံးဘီးဆိုင်​ကယ်​များ၊ ကားပစ္စည်းဆိုင်​ အပြင်​မှာထား​သော ပစ္စည်းများ ဖျက်​/လု ခံရ၊ ​ရွှေထူး လဖက်​ရည်​ဆိုင်​၊ ကို​ဇော်​ကြီး ကွမ်းယာဆိုင်​၊ လှိုင်းသစ်​ ဖုန်းနှင့်​စတိုး
    ကိုဆန်းလွင်​ စား​သောက်​ဆိုင်​နှင့်​ ဆိုင်​ကယ်​​ရေ​ဆေးခုံ၊ မြို့ဦးရပ်​ကွက်​ မ​ကွေးလမ်းမှ ဟာဂျီစ​လေမန်​အိမ်​နှင့်​ ဆိုင်းတန်းအားလုံး ၊ကို​ကျောက်​ခဲ ကုန်​စုံဆိုင်​၊ အုန်း​တော၂လမ်းမှ ကိုလှ​ကျော်​ အိမ်​၊ ​ဒေါ်လှရင်​ ပါမုန့်​ဆိုင်​အပြင်​ဘက်​ရှိ ပစ္စည်းများ ဖျက်ဆီးခံကြောင်း ဒေသခံတွေက ပြောပါတယ်။
    .
    ဗလီဝတ်ကျောင်း ဖျက်ခံရမှု သတင်းမမှန်
    ——————————-
    လူမှုကွန်ရက်စာမျက်နှာပြန့်နှံ့ခဲ့တဲ့ ရွှေကြာအင်း(၁)ရပ်ကွက်ရှိ ဗလီ လုံးဝဖျက်ဆီးခံလိုက်ရပြီဆိုတာ မဟုတ်ကြောင်း၊ ဗလီကိုတော့ ခဲဖြင့် လာပေါက်ခဲ့ကြကြောင်း ၊ မီးချောင်းတချို့ ကွဲသွားကြောင်း၊ ဗလီရှေ့မှ ဆိုင်များနှင့် သုံးဘီးဆိုင်ကယ်များ ဖျက်ဆီးခံခဲ့ရကြောင်း သိရပါတယ်။
    ပုဆိုးခြုံပြီး ရုပ်ဖျက်ထားကြ
    —————————
    အကြမ်းဖက်​ လုယက်​သူများသည်​ လူ ​လေးငါးဆယ်​ အုပ်​စုလိုက်​ဖြစ်​ပြီး ပုဆိုးများခြုံထား ရုပ်​ဖျက်​ထားကြသူများပါပြီး အမျိုးသမီးအချို့လည်း ပါဝင်​​ကြောင်း တဖွဲ့တည်း မဟုတ်​ဘဲ အုပ်​စုခွဲ၍ စနစ်​တကျ စာရင်းနှင့်​တိုက်​ပီး လုယက်​ဖျက်​ဆီးကြတာဟု ​ဒေသခံများက ​ပြောပါတယ်။
    အဆိုပါအကြမ်းဖက် လုယက်မှုဖြစ်စဉ်ကို ရဲတပ်ဖွဲ့မှ မထိမ်းနိုင်​ကြောင်း ။ ​လေ့ကျင့်​​ရေး ၇ မှ စစ်​တပ်​ရောက်လာပြီး မြို့လည်​ကို အထူးလုံခြုံ​ရေး ချထားကြောင်း ၊မြို့လည်​​ကောင်​မှာ ​ဈေး ဘဏ်​များ ဗလီ ဓာတ်​ဆီဆိုင်​တို့ ရှိ​နေကြောင်း၊ မ​ကွေးတိုင်းမှ ရဲမင်းကြီးနှင့်​အဖွဲ့လာချိန်​ ၁၁နာရီ​ခွဲ​ကျော်​မှ အကြမ်းဖက်​ လုယက်​သူများ မြို့လည်​မှ ထွက်​ခွာသွားပြိး၊ အုပ်​စုကွဲသွားကြတယ်​လို့ ဒေသခံတွေက ပြောပါတယ်။
    ညတွင်းချင်းအပျက်အဆီးတွေ ရှင်းလင်း
    ————————————
    မနက်​ ၃း၀၀ နာရီ ရပ်​ကွက်​ဥက္ကဌ မြို့နယ်​ရဲစခန်းမှုး စအဖ နှင့်​ အဖွဲ့စုံ အဖျက်​ခံရ​သော အိမ်​ ဆိုင်​များမှ ကာယကံရှင်​များကို လိုက်​လံ ​ခေါ်ယူပြီး ရှင်းလင်း​နေကြောင်း၊ ရဲများ တာဝန်​ရှိသူများ စည်​ပင်​ကား/အခြား ​ဖောကားများဖြင့်​ ရှင်းလင်း​ရေး လို​လုပ်​​နေတာ ​တွေ့ရ​ကြောင်း၊ မနက်​မိုးလင်းရင်​ ဘာမှ လက်​စလက်​န သိပ်​ မကျန်​​အောင်​ လုပ်​​နေတာ ဖြစ်​ဖို့များ​ကြောင်း၊ ပစ္စည်းများပြန့်​ကျဲ​နေတာ အကုန်​​ကောက်​ ဆိုင်​များအတွင်း ပစ်​ထည့်​​ပေးပြီး ​သော့ခတ်​ခိုင်း​ကြောင်း မျက်မြင်ကြုံရသူတစ်ဦးက ပြောပါတယ်။
    လတ်တလော အခြေအနေ တည်ငြိမ်နေ
    —————————————-
    တိုင်းရဲမင်းကြီး ရောက်လာပြီးနောက်ပိုင်း အ​ခြေ​နေ တည်​ငြိမ်​​နေလို့ ပြောပါတယ်။ အခြား​နေရာများ ပျက်​ဆီးမှုအတိအကျ သိရဖို့ မလွယ်​​သေးကြောင်း၊ မနက်​မှ သိရနိုင်​​သော်​လည်း အပျက်​ဆီးများကို လိုက်​လံ ရှင်းလင်း​နေ​သော​ကြောင့်​ တကယ့်​အပျက်​ဆီး အ​ခြေ​နေမှန်​နှင့်​ လွဲ​ချော်နိုင်ကြောင်းပြောပါတယ်။
    အစိုးရ သတင်းထုတ်ပြန်ချက်
    —————————
    တောင်တွင်းကြီးမြို့နယ်တွင် လူအုပ်စုဖြင့် ဝိုင်းအုံမှု ဖြစ်ပွား၊ ရဲတပ်ဖွဲ့ဝင်များ အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း၊ ဆိတ်သားသတ်လုပ်ငန်း လုပ်ကိုင်သူ ကိုဂျင်းနား၏ နေအိမ်အား ခဲဖြစ်ပစ်ပေါက်မှုဖြစ်ပွားခဲ့ကြောင်း၊ နိုင်ငံတော်သီချင်းသီဆို၍ ရွှေကြာအင်း(၁)ရပ်ကွက်ရှိ ဗလီဘက်သို့ ထွက်ခွါသွားကြောင်း သတင်းရရှိသဖြင့် ည ၈ နာရီ ၅ မိနစ်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်မော် ဦးစီး ရဲတပ်ဖွဲ့ဝင် အင်အား (၆+၄၀) ဦးက ဗလီအား ပိတ်ဆို့ ကာကွယ်ခဲ့ရကြောင်း၊
    ည ၉ နာရီခန့်တွင် ဗလီ၏မြောက်ဘက် တောင်တွင်း-မကွေးကားလမ်းပေါ်တွင် လေးခွများ၊ ကျောက်ခဲများ ကိုင်ဆောင်ထားသည့် လူ ၇၀ ဦးခန့်သည်လည်းကောင်း၊ ဗလီ၏ အရှေ့တောင်ဘက် လမ်းမပေါ်မှ လာရောက်ကြည့်ရှုသူ လူ ၄၀၀ ဦးခန့်သည်လည်းကောင်း စုဝေးရောက်ရှိလာ၍ မြို့နယ် အုပ်ချုပ်ရေမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ဦးစီး လုံခြုံရေးအဖွဲ့များက လူစုခွဲရန် အသံချဲ့စက်ဖြင့် အကြိမ်ကြိမ် သတိပေးသော်လည်း လူစုမခွဲသဖြင့် ညာသံပေးပြီး ဒိုင်းများဖြင့် တွန်းထုတ်ခဲ့ရကြောင်း၊ ထိုသို့ ရဲတပ်ဖွဲ့ဝင်များက စနစ်တကျ လူစုခွဲခဲ့ရာ ည ၉ နာရီခွဲတွင် လူစုခွဲ၍ ထွက်ပြေးသွားကြောင်း၊ ဖြစ်စဉ်တွင် ထိခိုက်မှု မရှိခဲ့ဘဲ ခဲဖြင့် ပစ်ပေါက်သည့်အဖွဲ့မှ မောင်းတိုင် (၂)ရပ်ကွက်နေ နှင်းကိုကိုလင်း(၃၀)နှစ် (အဖ) ဦးဖိုးထောင်အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူအား စစ်ဆေးလျက်ရှိပြီး ကနဦးစိစစ်ချက်အရ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များအပေါ် မကျေနပ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ရှာဖွေ ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
    ဓါတ်ပုံ- FB user တဦး
  • တောင်တွင်းကြီးမှ ရမ်းကားသူတွေ လမ်းပေါ်တွင်ရှိနေသေး၊ အုန်း​တော်​၂ လမ်း ရှိအိမ်တအိမ်ထဲသို့ လူအုပ်စုဖြင့် ဝင်ရောက်ဖျက်ဆီးရန် လုပ်ဆောင်နေ
    တောင်တွင်းကြီးမှ ရမ်းကားသူတွေ လမ်းပေါ်တွင်ရှိနေသေး၊ အုန်း​တော်​၂ လမ်း ရှိအိမ်တအိမ်ထဲသို့ လူအုပ်စုဖြင့် ဝင်ရောက်ဖျက်ဆီးရန် လုပ်ဆောင်နေ
    စက်တင်ဘာ၊ ၁၀ ၂၀၁၇
    M-Media
    ဒေသစံတော်ချိန် ၊ ၉ နာရီ ၃၀ မိနစ်
    .
    ရမ်းကားဖျက်ဆီးသူများမှ တောင်တွင်းကြီးမြို့၊​ရွှေအိုး၂ ရပ်​ကွက် အုန်းတော ၂ လမ်းမှ နေအိမ်တလုံးအတွင်းသို့ ဝင်ရောက်ဖျက်ဆီးရန် ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။
    အကြမ်းဖက်ရမ်းကားဖျက်ဆီးမှုများကို ယနေ့ ည ၉ နာရီ ၃၀ မိနစ် အထိ ထိန်းသိမ်းနိုင်ခြင်းမရှိသေးကြောင်း နေအိမ်များ၊ ဆိုင်ခန်းများကို ခဲများဖြင့်ပေါက်ခြင်း၊ အပြင်မှ ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်းသိရပါတယ်။
    ရမ်းကား ဖျက်ဆီးသူတွေ ယခုထိ လမ်းမပေါ်တွင် ရှိသေးပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ မမြင်ရသေးဟု ဒေသခံတွေက ဆိုပါတယ်။
    ယနေ့ ည ၇ နာရီ ၄၅ မိနစ်တွင တောင်တွင်းကြီးမြို့နယ်တွင် ရွှေအိုး၂ ရပ်​ကွက် ရှိ ဈေးဆိုင်များ ၊ လူနေအိမ်ခန်းများကို လူအုပ်စု ဝင်ရောက်ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။
    ပြစ်မှု ကျူးလွန်နေသူတွေကို ခရိုင်ရဲမှူးကိုယ်တိုင် ရှာဖွေဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။